နေပြည်တော်၌ ကျင်းပနေသည့် လွှတ်တော်များတွင် မေးခွန်းမေးခြင်းသည် စစ်အစိုးရကို အရောင်တင်ပေးသကဲ့သို့သာ ဖြစ်သွားကြောင်း လွှတ်တော်အမတ်အချို့က ဝေဖန်နေကြ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ နေပြည်တော်၌ ကျင်းပနေသည့် လွှတ်တော်များတွင် မေးခွန်းမေးခြင်းသည် စစ်အစိုးရကို အရောင်တင်ပေးသကဲ့သို့သာ ဖြစ်သွားကြောင်း လွှတ်တော်အမတ်အချို့က ဝေဖန်နေကြသည်။
မေးခွန်းများကို မကြာမီ အာဏာလွှဲပေးရတော့မည့် စစ်အစိုးရ ဝန်ကြီးများက လာရောက်ဖြေကြားကြပြီး၊ ဖြေကြားရာတွင်လည်း လုပ်ဆောင်ခဲ့သည်များကိုသာ ပြောကြားသွားခဲ့ကြသည့်အပေါ် ထောက်ပြနေကြသည်။
“အမှန်ကတော့ သူတို့ကို အရောင်တင်ပေးသလို ဖြစ်နေတယ်။ နဂိုကတော့ အစိုးရအသစ်ဖွဲ့ပြီးမှ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေကို လွှတ်တော်ကို တင်တဲ့အခါမှာ လွှတ်တော်က ပြည်ထောင်စုအဆင့်ရှိတဲ့သူ တစုံတရာက လာဖြေမယ်လို့ တွေးထားတာ” ဟု လွှတ်တော်အမတ်တဦးက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “အခုဖြေနေတာက သူတို့ဆောင်ရွက်နေပါတယ်၊ အရင်တုန်းကလည်း ဆောင်ရွက်ခဲ့ပါတယ်၊ နောက်လည်း ဆောင်ရွက်သွားဦးမယ် ဆိုတာမျိုးတွေ။ ဒီဝန်ကြီးတွေဟာ လွှတ်တော်နဲ့ မဆိုင်ဘူးလို့ မြင်တယ်။ သို့သော် လက်ရှိဖြေမယ့် လူသည် ဒီဝန်ကြီးတွေပဲ ရှိတယ်” ဟု ပြောသည်။
ယခုလ ၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြိုတင် တင်သွင်းထားရသော မေးခွန်း ၄၆ ခု မေးမြန်းခဲ့သော်လည်း ဝန်ကြီးများဘက်က ပြင်ဆင်ချိန်ရထားပြီး အထောက်အထားများဖြင့် ပြန်ဖြေခဲ့ကာ အမတ်များဘက်ကမူ အချက်ကျကျ ပြန်လည်ဆွေးနွေးနိုင်ခြင်း အားနည်းသည်ဟု သူက ဆိုသည်။
မေးခွန်းများ မေးခြင်းသည် စစ်အစိုးရကိုသာ အရောင်တင်ပေးသကဲ့သို့ဖြစ်ကြောင်း သဘောတူသည့် အခြားအမတ်တဦးကမူ လွှတ်တော်တက်နေသူများသည် ပါတီစုံဒီမိုကရေစီစနစ်ကို အတွေ့အကြံု မရှိကြသဖြင့် ဗဟုသုတရသည်ဟု ဆိုသည်။
“မေးလိုက်ရင် သူတို့က လုပ်ပြီးတာတွေ ပြန်ဖြေလိုက်။ ဝန်ကြီးပေါင်းစုံပေါ့ဗျာ။ ကောင်းကြောင်း ဖြေနေတာပေါ့ဗျာ။ လက်လွှဲပြီးသွားတဲ့အချိန်မှာ သူတို့လောက် လုပ်နိုင်ပါ့မလားဆိုတဲ့ သဘောမျိုးလည်း သက်ရောက်တာပေါ့။ လွှတ်တော်ထဲမှာ အမျိုးမျိုးတွေ့ရတယ်ဗျ။ တချို့ဟာကျတော့ ဗဟုသုတလောက်ပဲ ရှိတာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
အခြားအမတ်တဦးကမူ ယခုလွှတ်တော်မှ စာများများဖတ်မည်ဟု အသိတခုတိုးလာပြီး၊ အစိုးရအသစ် ပေါ်ပေါက်လာပြီးနောက် လွှတ်တော် အစည်းအဝေးများအတွက် သင်တန်းတခု တက်နေရသည်ဟုသာ သဘောထားလိုက်သည်ဟု ဆိုသည်။
“နောက်ဆိုရင်တော့ စာတွေလည်း အများကြီး ဖတ်ရတော့မှာပေါ့။ ဒါမှ နောက်လွှတ်တော်မှာ ပြောနိုင်မယ်။ တနှစ်တကြိမ် ပုံမှန်ဆိုပေမယ့် အရေးပေါ်ကတော့ ကြားထဲမှာ ခေါ်နိုင်တာပေါ့။ ဝန်ကြီးတွေကလည်း ဥပဒေတွေ ရေးဆွဲမယ်လေ။ လွှတ်တော်ကော်မတီ ၄ ရပ်ကလည်း တပတ်လောက်နားပြီးရင် အလုပ်လုပ်မယ်လေ။ လိုအပ်ရင် လွှတ်တော်အစည်းအဝေး ဖြစ်လာနိုင်တာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
နေပြည်တော်၌ မေးခွန်းများမေးပြီး အဆိုများတင်နေသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သီးခြားအစည်းအဝေးများကို ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ်ခဲ့ပြီး၊ ကြာသပတေးနေ့တွင် လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ကျင်းပသည်။
ယနေ့မနက် ၁ဝ နာရီတွင် စတင်သည့် ပြည်ထောင်စုလွှတ်တော်ကို ၃ ရက်ခန့် ကျင်းပပြီးနောက် လွှတ်တော် အစည်းအဝေးများကို ယခုလကုန်တွင် အပြီးသတ်နိုင်လိမ့်မည်ဟု အမတ်တဦးက ခန့်မှန်းသည်။