တောင်သူလယ်သမားများကို ကူညီနိုင်ရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်အရ ဧရာဝတီတိုင်းတွင် လယ်သမားကွန်ယက်တခုကို ဖွဲ့စည်းပြီး ...
ချင်းမိုင် (မဇ္စျိမ) ။ ။ တောင်သူလယ်သမားများကို ကူညီနိုင်ရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်အရ ဧရာဝတီတိုင်းတွင် လယ်သမားကွန်ယက်တခုကို ဖွဲ့စည်းပြီးကြောင်း အင်္ဂါနေ့တွင် ကြေညာလိုက်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံးသော လယ်သမားကွန်ယက် ဖြစ်လာသည်။
မြို့နယ် ၁၉ ခုမှ တောင်သူလယ်သမား ၃၃ ဦးပါဝင်သော ကွန်ယက်က ဥပဒေနည်းလမ်းအရ တရားစွဲခြင်း၊ သတင်း အချက်အလက်များကို ရန်ကုန်မြို့ရှိ အန်အယ်ဒီ ရုံးချုပ်သို့ ပေးပို့ခြင်းများ ပြုလုပ်မှာ ဖြစ်သည်။
ကွန်ယက်ကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ပြီး ဒုဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်း CEC အဖွဲ့ဝင် ဦးလှဖေ၊ အဖွဲ့ဝင်များအဖြစ် ဦးမန်းညွန့်သိန်း (ပန်းတနော်)၊ ဦးရွှေလှကြိုင် (ကံကြီးဒေါင့်)၊ ဦးသန်းထွန်းအေး (ကံကြီးဒေါင့်)၊ ဦးဝင်းထွန်း (ကျောင်းကုန်း)၊ ဦးမန်းဂျော်နီ (ကျုံပျော်)၊ ဦးအောင်ခင်ဘို (ဘိုကလေး)၊ ဦးသောင်းအေး (မအူပင်) ၊ ဦးမောင်မောင်ကြီး (အိမ်မဲ) နှင့် ဦးကျော်မြင့် (ဇလွန်) တို့ပါဝင်ထားသည်။
“တောင်သူလယ်သမားတွေ အခက်အခဲရှိတဲ့အခါ ဘယ်အဖွဲ့ကို တင်ပြရမှန်း မသိဘူး။ အခုလို ဖွဲ့လိုက်တော့ သူတို့ရဲ့ အခက်အခဲတွေကို ကျနော်တို့ဆီ တိုက်ရိုက်တိုင်ကြားနိုင်တာပေါ့။ ဥပမာအားဖြင့် လယ်ယာမြေ သိမ်းတဲ့နေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေကနေ လယ်လုပ်ပိုင်ခွင့်ကို လွှဲပြောင်းချလိုက်တာတွေ ရှိတယ်။ ဒါဖွဲ့လိုက်တော့ လယ်သမားတွေက ဆက်သွယ်ရေး လုပ်လာတယ်” ဟု NLD လုပ်ငန်းစဉ်တခုဖြစ်သော ဗဟိုတောင်သူလယ်သမား လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်မြင့်က မဇ္စျိမကို ပြောသည်။
မတ်လ ၉-၁၈ ရက်နေ့ထိ ရွှေဂုံတိုင်ရှိ အန်အယ်ဒီရုံးချုပ်၌ ဗဟိုခေါင်းဆောင်များနှင့် ပြည်နယ်နှင့်တိုင်း မြို့နယ်စည်းအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း ၅၄ဝ ကျော်တို့ တွေ့ဆုံခဲ့အပြီး ကွန်ယက်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသဖြင့် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငသိုင်းချောင်းရွာရှိ ပြောင်းခင်းဧက ၄ဝဝဝ ကျော် ပျက်စီးမှုနှင့် ဇလွန်မြို့နယ်မှ စက္ကူစက်ရုံမှ ဓာတုပစ္စည်း စွန့်ပစ်မှုကြောင့် လယ်သမားများ အခက်အခဲ ဖြစ်ရပုံကို NLD သို့ တင်ပြမှုများ ရှိနေသည်ဟု
စိုက်ပျိုးရေး ပညာရှင်လည်းဖြစ်သော ဦးကျော်မြင့်က ပြောသည်။
အတိုက်အခံပါတီကြီးဖြစ်သော NLD တွင် လူငယ်ကွန်ယက်၊ ရှေ့နေကွန်ယက်နှင့် လယ်သမားကွန်ယက် ဟူ၍ ၃ ခု ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
အလားတူပင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကလည်း တောင်သူလယ်သမား အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးကို လွှတ်တော် အတွင်း၊ အပြင်၌ ဆောင်ရွက်သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက ပြောသည်။
သို့သော် နိုင်ငံရေးပါတီများက ကိုယ့်အလုပ်သမား၊ သူ့အလုပ်သမားဟူ၍ သီးခြားဖွဲ့စည်းပါက အမျိုးသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သဖြင့် အဖွဲ့တခုတည်းအဖြစ် ဖွဲ့စည်းရန် လိုအပ်သည်ဟု ဆိုသည်။
“ ကိုယ့်ပါတီက ကိုယ့်လယ်သမား၊ သူ့ပါတီက သူ့လယ်သမားဆိုပြီးတော့ လုပ်မယ်ဆိုရင် စည်းလုံးညီညွတ်မှု ပျက်ပြားလိမ့်မယ်။ ဖဆပလ တုန်းက ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ဖူးတယ်။ ဖဆပလ အလုပ်သမားကနေ ဖဆပလ သန့်ရှင်းတည်မြဲဆိုပြီးတော့ နှစ်ဖွဲ့လုပ်လိုက်တော့ အလုပ်သမား နှစ်ဖွဲ့ဖြစ်သွားတယ်။ ဒီလိုနဲ့ အမျိုးသား စည်းလုံးညီညွတ်မှု ပျက်တာရှိတယ်” ဟု ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။