ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တင်သည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်သမား ကျွမ်းကျင်မှု တိုးတက်ရေး အဆိုကို ဥပဒေမူကြမ်းအဖြစ် ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆွေးနွေး ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တင်သည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်သမား ကျွမ်းကျင်မှု တိုးတက်ရေး အဆိုကို ဥပဒေမူကြမ်းအဖြစ် ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆွေးနွေးရန် အင်္ဂါနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးတင်မောင်ဝင်း၏ တင်သွင်းမှုကို အတည်ပြုပေးခြင်း ဖြစ်သည်။ သို့သော် ဥပဒေမူကြမ်း ဖြစ်ပေါ်လာရေးအတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြရမှာ ဖြစ်သည်။
တနင်္လာနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်ပင် မရမ်းကုန်းမဲဆန္ဒနယ်မှ ကြံ့ဖွံ့အမတ် ဦးပွင့်ဆန်း၏ လူမှုဖူလုံရေး ဥပဒေသစ်တရပ် ပေါ်ပေါက်လာရေး အဆိုကိုလည်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး၌ ဆွေးနွေးနိုင်ရန် အတည်ပြုခဲ့သေးသည်။
အမျိုးသားလွှတ်တော်တွင်မူ တင်ပြခဲ့သည့် အဆိုများကို ဥပဒေမူကြမ်းအဖြစ် ဆက်လက်ဆွေးနွေးရန် အတည်မပြုနိုင်သေးကြောင်းနှင့် မေးခွန်းများမှာ မမေးသင့်သည့်များလည်း ပါဝင်နေသလို အဆိုတင်ရာ၌ အမတ်များ အားနည်းချက် ရှိနေကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောပြသည်။
“အခုမေးတဲ့ မေးခွန်းတွေကလည်း မေးသင့်တာတွေ ပါတယ်၊ မမေးသင့်တာတွေလည်း ပါတယ်လေ။ အဆိုတင်တဲ့ သူလည်း အဆိုတင်မယ်ဆိုရင် လေ့လာထားရမယ့် ဟာတွေကို လေ့လာထားရမယ်။ ကိုယ်မေးတဲ့ မေးခွန်းသည်လည်းကောင်း၊ တင်သည့် အဆိုသည်လည်းကောင်း တကယ် သေချာရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
အင်္ဂါနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းလှကျော်က နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ရှိ/မရှိ မေးမြန်းခဲ့ရာ၊ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ထိုကိစ္စသည် သမ္မတနှင့် အမျိုးသားလုံခြံုရေး ကောင်စီ၏ လုပ်ပိုင်ခွင့်ဖြစ်ခြင်းကြောင့် သမ္မတ ကျမ်းကျိန်ပြီးသည်အထိ စောင့်ကြည့်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့သည်။
ထို့အပြင် ဦးစောသိန်းအောင်က ကရင်ပြည်နယ်ရှိ တရားမဝင် လောင်းကစားများနှင့် ပတ်သက်သည့် မေးခွန်းကို ဦးမောင်ဦးကပင် ပြည်သူလူထုနှင့် လက်တွဲပြီး ဖေါ်ထုတ်ရန်ရှိသည်ဟု ဖြေခဲ့သည်။ ကျေးရွာအဆင့် အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် မေးခွန်းကိုလည်း သိက္ခာရှိပြီး ပြည်သူလေးစားသည့် ပုဂ္ဂိုလ်များကို ကျေးရွာအုပ်ချုပ်ရေးတွင် တာဝန်ပေးမည်ဟု ပြန်ဖြေခဲ့သည်။
အမျိုးသားလွှတ်တော်တွင်မူ ဦးစခုန်တိမ့်ယိမ်း၏ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်သည့် အမေးကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ယခုအချိန်တွင် အလင်းဝင်သူများ ရှိနေပြီး ကျန်အဖွဲ့များကိုလည်း ကြိုဆိုကြောင်း ပြန်ဖြေခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်း ဆန်သယ်ယူပို့ဆောင်ရာ၌ အခွန်များစွာ ပေးရမှုနှင့် ပတ်သက်သည့် မေးခွန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက မတရားသဖြင့် အခွန်ကောက်ခံမှုများ တွေ့ရှိပါက အကြောင်းကြားနိုင်ကြောင်း ဖြေကြားခဲ့သည်။
အိမ်သုံးကားများ ပြည်ပမှ တင်သွင်းပေးရန် ရှိမရှိကို NDF အမတ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့ရာ ပြည်ပ သွင်းကုန်အစားထိုး လုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် ဦးစားပေးအဆင့်၌ မပါဝင်ကြောင်း ဦးတင်နိုင်သိန်းကပင် ပြန်ဖြေခဲ့သည်။
အဆိုများနှင့် ပတ်သက်၍မူ ဦးပေါ်လျှံလွင် တင်သွင်းသည့် ဘုံတလာ ရေတံခွန်ကို ရေအားလျှပ်စစ် ထုတ်ယူရေး အဆိုကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းက ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဆုံးဖြတ်ဆောင်ရွက်ရန် ပြန်လည်ဆွေးနွေးခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်တွင် အသေးစား စက်မှုလက်မှု လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရေး ဆွေးနွေးရန် ရှိသည်။ မေးခွန်းနှင့် ပတ်သက်၍ သောက်သုံးရေ ပေးဝေရေး၊ ရေအားလျှပ်စစ်ကိစ္စနှင့် ရန်ကုန်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေးများကို မေးမြန်းမည်ဟု အမတ်များက ပြောသည်။
ဗုဒ္ဓဟူးနေ့ အမျိုးသားလွှတ်တော်တွင် မွန်ပြည်နယ်မှ လွှတ်တော်အမတ် ဗညားအောင်မိုး တင်သွင်းသည့် တောင်သူလယ်သမားများအတွက် ကောက်ပဲသီးနှံများကို သင့်တင့်သည့် တန်ဖိုးရရှိရေးအတွက် နိုင်ငံတော်က ကူညီရန် အဆိုကို ဆွေးနွေးမှာဖြစ်သည်။
ယခုလ ၁ ရက်နေ့ကတည်းက သီးခြားစီ ကျင်းပလာခဲ့သည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများမှာ ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။