၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆွယ် အသုံးစရိတ်များအား အချိန်မီ မတင်သွင်းဟုဆိုကာ ကော်မရှင်က လက်ရှိ လွှတ်တော်သက်တမ်း ရွေးကောက်ပွဲနှင့် နောက်တကြိမ် ရွေးကောက်ပွဲ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆွယ်အသုံးစရိတ်များအား အချိန်မီ မတင်သွင်းဟုဆိုကာ ကော်မရှင်က လက်ရှိလွှတ်တော်သက်တမ်း ရွေးကောက်ပွဲနှင့် နောက်တကြိမ် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခွင့် မပြုတော့သူပေါင်းမှာ ရ၅ ဦး ရှိသွားပြီ ဖြစ်သည်။
မတ်လ ၁၅ ရက်နေ့မှစ၍ နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ခဲ့ရာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစညပါတီမှ ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ၁ဝ ဦး၊ ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ ၈ ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ၃ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် အခြားပါတီများမှ ၂၁ ဦး ဖြစ်သည်။
အသုံးစရိတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဇန်နဝါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားကာ မတင်ပြနိုင်လျှင် အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကာ လာမည့် ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်ခွင့် အပိတ်ခံရခြင်း ဖြစ်သည်။
ဇနီးသည် ဆေးရုံတင်ခဲ့ရသဖြင့် အချိန်မီ စာရင်းမတင်နိုင်ခဲ့ကြောင်းကို ဆရာဝန်ထောက်ခံစာနှင့် တင်ပြခဲ့သော ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ၏ ကျောက်တံတားမြို့နယ်မှ ဝင်ပြိုင်ခဲ့သူ ဦးထွန်းရွှေက နာမည်ပျက်စာရင်း အသွင်းခံရမှုအပေါ် မကျေမနပ် ဖြစ်နေသည်။
“ရုံးက ဘာချို့ယွင်းချက် ရှိတယ်ဆိုတာလည်း မပြောဘူး။ အဘတင်တဲ့ အချက်တွေအားလုံး တင်ထားတယ်ဆိုတော့ ပြီးပြည့်စုံတယ်လို့ ထင်ထားတာ။ ဘာလိုတယ်လို့လည်း မပြောတော့ အဘဘက်က ပြည့်စုံပြီလို့၊ ဒီလိုကြေညာလိုက်မယ်လို့ မမျှော်လင့်ဘူး။ ဘယ်လိုသဘောပေါက်ရမှန်းတောင် မသိဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
ရက်နောက်ကျသူများသည် အကြောင်းပြချက်ဖြင့် တင်သွင်းနိုင်ကြောင်း ကော်မရှင်က အိမ်အရောက် စာပို့ခဲ့သောကြောင့် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဆေးလက်မှတ်၊ ကျမ်းကျိန်လွှာနှင့် ငွေအသုံးစရိတ် အပြည့်အစုံကို နေပြည်တော် ကော်မရှင်ရုံးသို့ တင်ပြခဲ့သည်ဟု ဆိုသည်။
တစည ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကမူ အချို့ကိုယ်စားလှယ်များသည် ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် စိတ်ပျက်သဖြင့် မတင်သွင်းခြင်းဖြစ်သည်ဟု ပြောဆိုသည်။
ရွေးကောက်ပွဲဝင် အမတ်လောင်းတဦး၏ မဲဆွယ်စည်းရုံးမှုအတွက် ကျပ်သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုခဲ့သည်။