ဧရာဝတီတိုင်းတွင် မြို့နယ်အဆင့်မှအစပြုကာ ရပ်ကွက်/ကျေးရွာများအထိ တလကြာ အခြေခံ စစ်ပညာသင်တန်း ပို့ချပေးနေကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့် ဒေသခံများ ပြောသည်။ ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းတွင် မြို့နယ်အဆင့်မှအစပြုကာ ရပ်ကွက်/ကျေးရွာများအထိ တလကြာ အခြေခံ စစ်ပညာ သင်တန်း ပို့ချပေးနေကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့် ဒေသခံများ ပြောသည်။
တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် နှစ်စဉ်နှစ်တိုင်း မီးသတ်ပညာ အခြေခံသင်တန်းကို သင်ပေးလာရာမှ ယခုနှစ်တွင်မူ စစ်သင်တန်းကိုပါ ပူးတွဲပို့ချပေးပြီး၊ တရွာလျှင် အသက် ၂ဝ နှစ်မှ ၃ဝ နှစ်အတွင်း လူငယ် ၃ ဦးကျစီနှင့် မြို့ပေါ်တရပ်ကွက်လျှင် ၃ ဦးစီ ခေါ်ယူသင်ကြားပေးခြင်း ဖြစ်သည်။
“မီးသတ်ပညာရော၊ အခြေခံ စစ်သင်တန်းပါ ၂ ခုပေါင်း တလတက်ရတယ်” ဟု ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန အရာရှိတဦးက မဇ္စျိမကို ပြောသည်။ သင်တန်းတကြိမ်အတွက် ဦးရေ ၁ဝဝ စီ သတ်မှတ်ကာ၊ အစားအသောက်နှင့် နေထိုင်စရာများပါ စီစဉ်ပေးသည်ဟု ဆိုသည်။
မီးသတ်သင်တန်းကို တိုင်းမီးသတ်၏ စီမံခန့်ခွဲမှုဖြင့် မီးသတ်ဝန်ထမ်းများက ကျေးရွာအုပ်စုအလိုက် ရွာများ၌သာ ပြုလုပ်ပေးခဲ့သော်လည်း စစ်သင်တန်းကိုမူ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ မြို့များပေါ် သီးသန့်ခေါ်ယူကာ ပြုလုပ်ပေးခြင်းလည်း ဖြစ်သည်။
“အခြေခံအဆင့်ပါပဲ။ သေနတ်ကို ဘယ်လိုချိန်ရတယ်၊ ဘယ်လိုပစ်ရတယ်၊ ဘယ်လိုဝပ်ပြီး နေရာယူရတယ် စသဖြင့် အဲဒါလေးတွေပေါ့။ ကျန်တဲ့ဟာတွေလည်း တသုတ်ပြီးတသုတ် လုပ်သွားမှာပေါ့။ တတိုင်းလုံးပေါ့နော်” ဟု မီးသတ် အရာရှိက ဆက်ပြောသည်။
မြောင်းမြမြို့နယ်အတွက် ကွမ်းခြံကြီးနှင့် လူတော်ရွာများတွင် မီးသတ်သင်တန်းပေးပြီး၊ မြို့ပေါ် စစ်သင်တန်းအတွက် ကျေးရွာ ရယကကောင်စီ ဥက္ကဋ္ဌမှတဆင့် ဆင့်ခေါ်ကာ သွားရောက်သင်ကြားရသည်ဟု ပွတ်ခရိုင် ကျေးရွာအုပ်စုဝင် ဒေသခံတဦးက ဆိုသည်။
စစ်သင်တန်း တက်သူများ၏ အလုပ်ပျက်ခနှင့် ကုန်ကျစရိတ်ကို ရွာလူထုက တအိမ်လျှင် ကျပ် ၁ ထောင်နှုန်း ကောက်ယူကာ အကုန်အကျခံကြရသည်။
“ဒီမှာက အိမ်ခြေ ရဝ ကျော် ရှိတယ်လေ။ သင်တန်းလိုက်မတက်နိုင်တဲ့ လူတွေက လိုက်သွားတဲ့ လူ ၃ ယောက် အတွက်ဆိုပြီး တအိမ် တထောင်ကောက်တယ်။ သူတို့ အကုန်ရမရတော့ မသိဘူး။ အခု သူတို့ သင်တန်းပြီးလို့ ပြန်တောင် ရောက်နေပြီ” ဟု ပွတ်ခရိုင် ဒေသခံက မဇ္စျိမကို ပြောသည်။
သင်တန်းတက်မည့်သူများကို ရပ်ကွက်အတွင်း အလုပ်အကိုင် မရှိသူများကိုသာ ရွေးချယ်ပေးခဲ့ကြသည်ဟု မြောင်းမြမြို့ခံတဦးကလည်း ပြောဆိုသည်။
နအဖ စစ်ကောင်စီက ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂ဝ၁ဝ ပြန်တမ်းမိတ္တူအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည့် ဥပဒေအား ယခုနှစ် ဇန်နဝါရီလထဲတွင် ထွက်ရှိခဲ့သည်။