အာရှ အလယ်ပိုင်း ဒေသရှိ မွန်ဂိုလီးယားနိုင်ငံ၏ သမ္မတ Elbegdorj က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ထောက်ခံအားပေး ...
အာရှ အလယ်ပိုင်း ဒေသရှိ မွန်ဂိုလီးယားနိုင်ငံ၏ သမ္မတ Elbegdorj က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်ဟု US Campaign for Burma အဖွဲ့ အပြောအရ သိရသည်။
မွန်ဂိုလီးယား၏ ၁၉၉၂ ခုနှစ် အခြေခံဥပဒေမူကြမ်းရေးဆွဲရတွင် ပါဝင်ခဲ့သော သမ္မတ Elbegdorj က မွန်ဂိုလီးယား၏ ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းခဲ့ခြင်းကို ဖိနှိပ်မှုများကို တွန်းလှန်၍ လွတ်မြောက်နိုင်ခဲ့သည့် ဥပမာတခုဖြစ်ပြဆိုခဲ့ပြီး စျေးကွက် စီးပွားရေး ကူးပြောင်းမှုနှင့် လူ့အခွင့်အရေးများ လေးစားလိုက်နာမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေလိမ့်မည်ဟု ပြောဆိုသွားခဲ့သည်။
“ မြန်မာအုပ်ချုပ်သူတွေကို ကျနော့်အနေနဲ့ တိုက်တွန်းချင်တာက ဒီမိုကရေစီကို ကြောက်စရာ အရာတခုမဟုတ်ဘဲ ထွေးပွေ့လက်ခံစရာ အရာတခုဖြစ်တယ်ဆိုတာ ” ဟူ၍ Elbegdorj က ထဲ့သွင်း ပြောကြားခဲ့သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၌ မကြာသေးခင်က ပျံ့နှံ့ခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရည်ညွှန်းကာ မြန်မာပြည်သူများလည်း ဖိနှိပ်ချုပ်ချယ်မှုအောက် နေခဲ့ရသဖြင့် ဒီမိုကရေစီတန်ဖိုးကို သဘောပေါက်ကာ လွတ်လပ်မှုကို တမ်းတနေကြလိမ့်မည်ဟုလည်း ပြောသည်။
“အရှေ့အလယ်ပိုင်းဒေသမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အာဏာရှင်တွေ ပြုတ်ကျရေးနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတာကို ကျနော်တို့ မြင်တွေ့နေကြတဲ့ အတိုင်းပါပဲ။ မြန်မာပြည်သူတွေလည်းပဲ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို နားလည်ပြီး၊ ငြိမ်းချမ်းစွာနဲ့ အင်တိုက်အားတိုက် တောင်းဆိုလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်” ဟု မွန်ဂိုလီးယား သမ္မတက ပြောကြားခဲ့သည်။
သူက ဆက်ပြီး “မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ဘယ်လောက်ပဲ ရေရှည်ဖိနှိပ်ပြီးတော့ အကြမ်းဖက်ပါစေ၊ နောက်ဆုံးမှာ ပြည်သူလူထုကြီးရဲ့ လွတ်လပ်လိုတဲ့ ဆန္ဒက ကျော်လွှားသွားနိုင်မှာပါ” ဟု ဆိုသည်။