မြဝတီ သတင်းစာ တပ်မတော်နေ့ ထုတ်မည်

မြဝတီ သတင်းစာ တပ်မတော်နေ့ ထုတ်မည်
by -
ဖနိဒါ

မြဝတီ ဟု အမည်ပေးထားသော စစ်တပ်အာဘော် နေ့စဉ်ထုတ် သတင်းစာသစ် တစောင်ကို ဆေးရောင်စုံဖြင့် မတ်လ ၂၇ ရက်နေ့တွင် စတင်ထွက်ရှိလာမှာဖြစ်ရာ ၃ စောင်မြောက် မြန်မာဘာသာဖြင့် ထုတ်ဝေ ...

ချင်းမိုင်(မဇ္စျိမ) ။     ။ မြဝတီ ဟု အမည်ပေးထားသော စစ်တပ်အာဘော် နေ့စဉ်ထုတ် သတင်းစာသစ် တစောင်ကို ဆေးရောင်စုံဖြင့် မတ်လ ၂၇ ရက်နေ့တွင် စတင်ထွက်ရှိလာမှာဖြစ်ရာ ၃ စောင်မြောက် မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာဖြစ်လာမှာ ဖြစ်သည်။

မြဝတီ သတင်းစာနှင့် စာပေတိုက်၏ တာဝန်ခံ စာတည်းမှူးချုပ်် ဒုတိယဗိုလ်မှူးကြီး (ဓါတ်ပုံ မဇ္စျိမ)၆၆ နှစ်မြောက် တပ်မတော်နေ့တွင် ထွက်ရှိမည့် မြဝတီသတင်းစာ၏ အယ်ဒီတာအဖွဲ့ကို စာတည်းချုပ် ဦးရဲမြင့်က ဦးစီးမည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းဟောင်းများလည်း ပါဝင်မည်ဖြစ်သည်။  ရုံးချုပ်ကို နေပြည်တော် ပုပ္ပသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်နှင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ရုံးခွဲများ ဖွင့်လစ်မှာဖြစ်သည်။

မြဝတီသတင်းစာအတွက် မတည်ငွေကို စစ်တပ်အသုံးစရိတ်မှ ထုတ်ယူမည်လား၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်မှ ထုတ်ယူမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မူအားဖြင့် စစ်တပ်အာဘော် ဖြစ်လာဖွယ်ရှိသည်ဟု ယုံကြည်ရသည်။

သတင်းစာ၏ ပထမဆုံး စာဆောင်အတွက် ရန်ကုန်မြို့ရှိ စာရေးဆရာများသို့ နေပြည်တော်မှ စာတည်းမှူးချုပ်က သတင်း၊ ဆောင်းပါ၊ ခရီးသွားဆောင်းပါး၊ နိုင်ငံတကာ သတင်းဆောင်းပါး၊ ကဗျာနှင့် ကာတွန်းစာမူများကို တောင်းခံနေသည်။

မြဝတီနေ့စဉ်သတင်းစာ ထုတ်ဝေရန် အခြေအနေများကို ရန်ကုန်မြို့ မြဝတီ သတင်းစာတိုက်ရုံးခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထုတ်ဝေမည့် ရက်အသိအကျ မပြောနိုင်သေးကြောင်း ရုံးတာဝန်ရှိသူ ကဗျာဆရာ ပေါ်ဦးသစ်က မဇ္စျိမကို ပြောသည်။

“ကျနော်က ရုံးခွဲဆိုတော့ ဂဃနဏ မသိပါဘူး။ မပြောတတ်သေးဘူး။ ဌာနချုပ်မှာက လုပ်နေတယ်။ အခုတော့ လေ့ကျင့်ပေးနေရတာ။ ကျနော်တို့ စစ်တပ်ကတော ့ထုတ်ချင်လည်း ချက်ချင်း ထုတ်တာဘဲ။ မထုတ်ချင်လည်း မထုတ်သေးဘူး အမိန့်စောင့်နေတာ” ဟု ပေါ်ဦးသစ်က ပြောသည်။

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ရှိပြီး နေ့စဉ်စောင်ရေအားဖြင့် ၃ သိန်းကျော် ဖြန့်ဝေလျက်ရှိသည်။

မြဝတီ မဂ္ဂဇင်းများ (ဓါတ်ပုံ မဇ္စျိမ)မြဝတီသတင်းစာသည် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သားများ ဦးဆောင်ပါဝင်ရမည်ည်ဟု ဆိုထားသဖြင့် ပြည်သူ၏ခံစားချက်၊ ပြည်သူဘက်မှ ရပ်တည်ပြီး ရေးသားထားခြင်း မဟုတ်သဖြင့် အများပြည်သူအတွက် အကျိုးရှိမည့် သတင်းစာဖြစ်လာည်မည် မဟုတ်ကြောင်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်နှင့် သတင်းစာဆရာဟောင်း ဦးဝင်းတင်က ပြောသည်။

“သတင်းစာဆိုတာက ပေါ်လစီတခုကို ပေးရုံနဲ့ မပြည့်စုံဘူးပေါ့။ သြဇာရှိတယ် မရှိဘူးဆိုတာထက် ဒီပြည်သူလူထုရဲ့ ယူဆချက်၊ ထင်မြင်ချက်၊ ခံစားချက်တွေ မဖေါ်ပြနိုင်ဘူးဆိုရင် ဒီသတင်းစာက အကျိုးမရှိဘူး၊ ပေါ်လစီတခုတည်းကို ကြွေးကြော်နေရုံနဲ့ သတင်းစာမဟုတ်ဘူး။ ပြည်သူလူထုအသံ၊ လိုလားချက်တွေ ပါဝင်ပူးပေါင်းဆောင်ရွက်မှုတွေကို ထင်ဟပ်ပေါ်လွင်ပြီးတော့ ဖော်ပြနိုင်မှ ပြည်သူလူထုမှာ အကျိုးရှိမှာ၊ အဲဒီလို အကျိုးရှိမှသာလျှင် ပြည်သူကို အကျိုးရှိမယ်” ဟု ဦးဝင်းတင်က ပြောသည်။

၁၉၅၇ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ကြေးမုံသတင်းစာသည် လူကြိုက်များပြီး သြဇာရှိသော သတင်းစာတစောင်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် စစ်အစိုးရအာဘော်သတင်းစာဖြစ်လာသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဆင်ဆာတည်းဖြတ်ရေးအဖွဲ့ကို ဖြတ်သန်းပြီးမှ ဖြန့်ချိခွင့်ရသော အပတ်စဉ်ထုတ်ဂျာနယ်များထုတ်ဝေခွင့်ကို ပုဂ္ဂလိကပိုင်အဖြစ် ခွင့်ပြုပေးမှုရှိသော်လည်း နေ့စဉ်ထုတ်သတင်းစာအဆင့်ကိုမူ ထုတ်ဝေခွင့်မပြုဘဲ ကန့်သတ်ထားဆဲဖြစ်သည်။

လွတ်လပ်စွာရေးသားခွင့်မရှိသေးသော်လည်း စျေးကွက်ရှိနေသဖြင့် ပုဂ္ဂိလကပိုင်ဂျာနယ်တိုက်အချို့က သတင်းစာသို့ တက်လှမ်းထုတ်လိုသော်လည်း စစ်တပ်ကလွှမ်းမိုးထားသော အရပ်သားအစိုးရလက်ထက်တွင် ခွင့်ပြုလာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ယခုအချိန်တွင် အနည်းဆုံး ဂျာနယ်တိုက် ၄ ခုမှာ သတင်းစာထုတ်ဝေနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟုလည်း ရန်ကုန်ရှိ စာနယ်ဇင်းသမားများက ပြောကြသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လူဦးရေသန်း ၆ဝ ကျော်ရှိသော မြန်မာနိုင်ငံတွင် သတင်းစာ ၅ စောင်၊ ဂျာနယ် ၁၇ဝ စောင်၊ မဂ္ဂဇင်း ၁၈၂ စောင်ထုတ်ဝေလျက်ရှိသည်ဟု မတ်လ ၁ဝ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဦးကျော်ဆန်းက နိုင်ငံတဝန်း မြန်မာဘာသာဖြင့် ဖြန့်ချိလျက်ရှိသော ကြေးမုံ၊ မြန်မာ့အလင်း၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော New Light of Myanmar အပြင် ရန်ကုန်စည်ပင်မှ ထုတ်ဝေသော မြို့တော်သတင်းစာနှင့် မန္တလေးစည်ပင်မှ ထုတ်ဝေသော ရတနာပုံသတင်းစာများကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Most read this week