သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ၏အမှု အာမခံရရေး လျှောက်ထားချက်ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှ ကြာသပတေးနေ့တွင် ပယ်ချလိုက်သည်။ ...
နယူးဒေလီ(မဇ္စျိမ) ။ ။ သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ၏အမှု အာမခံရရေး လျှောက်ထားချက်ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှ ကြာသပတေးနေ့တွင် ပယ်ချလိုက်သည်။
မစ္စတာဒန်ကလေကို စွဲဆိုထားသည့် ပုဒ်မ ၅ ခု အနက်၊ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မနှင့် နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈ တို့မှာ အာမခံ မရနိုင်သော အမှုများ ဖြစ်သည်ဆိုကာ တရားရုံးက ဆုံးဖြတ်ကြောင်း မြန်မာတိုင်းမ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝေလင်းက ဆိုသည်။
“အခြေအနေကြည့်ပြီး အာမခံအတွက် အယူခံတက်ရင်လည်း တက်ပါမယ်။ မရသေးခင်တော့ အထဲကနေပဲ အမှုရင်ဆိုင်နေရမှာပေါ့”ဟု မစ္စတာဒန်ကလေ၏ ရှေ့နေ တဦးဖြစ်သူ ဦးမင်းစိန်က ပြောသည်။
ကြာသပတေးနေ့ ကြားနာမှုတွင် ဆရာဝန်တဦးနှင့် တရားလိုသက်သေ ခြံစောင့် ဝန်ထမ်းတဦးကို တရားရုံးမှ စစ်ဆေးခဲ့သည်။ ဆရာဝန်မှာ တရားလို မခိုင်ဇာ ကို ရဲမှ စစ်ဆေးခဲ့စဉ်က မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိကို ဆေးမှတ်တမ်းယူခဲ့သူ ဖြစ်ကြောင်း ဦးမင်းစိန်က ဆိုသည်။ အမှုကို ယခုလ ၂၃ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်ပြီး မှုခင်းဆရာဝန်ကို စစ်ဆေးမည်ဖြစ်သည်။
တရားခွင်သို့ သြစတြေးလျနိုင်ငံ သံအမတ်ကြီးလည်း လာရောက်ခဲ့သည်။ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် မစ္စတာ ဒန်ကလေမှာ ထောင်တွင်း ကောင်းမွန်စွာနေရပြီး ကျန်းမာစွာရှိကြောင်း မြန်မာတိုင်းမ်းတာဝန်ရှိသူများက ပြောသည်။
မစ္စတာဒန်ကလေမှာ အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားရင်ဆိုင်နေခြင်းဖြစ်သည်။