ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ်များကို အချိန်မီ မတင်သွင်းနိုင်သဖြင့် လူ ၂ဝ ဦးကို လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသူအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့တွင် ကြေညာ ...
ချင်းမိုိင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ်များကို အချိန်မီ မတင်သွင်းနိုင်သဖြင့် လူ ၂ဝ ဦးကို လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသူအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီက ၈ ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ၄ ဦး၊ တသီးပုဂ္ဂလ တဦးနှင့် အခြားပါတီများမှ ကျန်ကိုယ်စားလှယ်များသည် ကြေညာသည့်နေ့မှစ၍ လက်ရှိလွှတ်တော် သက်တမ်းနှင့် နောက်လာမည့် ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှတဆင့် ထုတ်ပြန်သည်။
ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲအတွက် အသုံးစားရိတ်ကို လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ထွက်သည့်နေ့မှစ၍ ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်သို့ ပေးပို့ရမည် ဖြစ်သည်။
သို့သော်လည်း အရည်အချင်း ပျက်ယွင်းသူအဖြစ် ကန့်သတ်ခံရသူများသည် ပါတီဝင်များအဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုးက ပြောသည်။
“ဒါက သူ့ရွေးကောက်ပွဲ စည်းမျဉ်းပဲ ပါတီက ပါတီ စည်းမျဉ်းပဲ ကျနော်တို့က ပါတီစည်းမျဉ်းကို ချိုးဖေါက်တာ မလုပ်သရွေ့ ပါတီဝင်အဖြစ်ပဲ ရှိနေမှာပဲ” ဟု ဦးတိုးတိုးက ပြောသည်။
ရွေးကောက်ပွဲ ဝင်သူတဦးလျှင် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းပေးသွင်းရပြီး စုစုပေါင်း ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်ကို ကျပ်သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ကော်မရှင်က ခွင့်ပြုခဲ့သည်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၆ ဦးပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးက ဦးဆောင်သည်။