ထိရောက်သည့် ပြုပြင်ထိန်းသိမ်းမှု မရှိသေးသဖြင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန်ကြီး ပြီးခဲ့သည့် နှစ်ကဲ့သို့ ရေခန်းဖွယ်ရှိနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA နှင့် ဒေသခံ အင်းပါတီက ပြော ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ထိရောက်သည့် ပြုပြင်ထိန်းသိမ်းမှု မရှိသေးသဖြင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန်ကြီး ပြီးခဲ့သည့် နှစ်ကဲ့သို့ ရေခန်းဖွယ်ရှိနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA နှင့် ဒေသခံ အင်းပါတီက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိကာ မြန်မာပြည်၌ ဒုတိယအကြီးဆုံး ရေကန်ဖြစ်ပြီး၊ ဘုရားဖူးနှင့် ကမ္ဘာ့ခရီးသွားများ သွားရောက်လေ့ရှိသည့် အင်းလေးကန်သည် ယမန်နှစ် နွေရာသီ၌ ရေခန်းခဲ့ရသလို ယခုနှစ်တွင်ပါ ထပ်မံကြံုတွေ့နိုင်သည့် အခြေအနေမျိုး တွေ့ရှိနေရကြောင်း သိရခြင်း ဖြစ်သည်။
“ဘာမှ ပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် မလုပ်နိုင်ဘူးလေ။ အခု နိုင်ငံခြားကလည်း ဟိုက ကူမယ်၊ ဒီက ကူမယ် လေပစ်နေတယ်။ မြန်မာပြည်မှာရှိတဲ့ ပိုက်ဆံနဲ့ လုပ်ရတယ်ဆိုတော့၊ မြန်မာပြည်ကလည်း ငွေအားက ဒီလောက် မများဘူးဆိုတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူးပေါ့ဗျာ။ အဲဒီ ငွေကြေး ပြဿနာပေါ့’’ ဟု သဘာဝ သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း FREDA ဥက္ကဋ္ဌ ဦးအုန်းက မဇ္စျိမကို ပြောသည်။
အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်ကလည်း “အရင်လို အခြေအနေမျိုး ပြန်ရောက်နေပါတယ်။ ညောင်ရွှေမှာ၊ ဖောင်တော်ဆိပ်မှာ ရေတပေခွဲလောက်ပဲ ရှိတော့တယ်ခင်ဗျ။ အင်းလေးကန်ကို သွားမယ်ဆိုရင် မော်တော်ပေါ်ကနေ ရေအောက်ခြေကို မြင်နေရတယ်ခင်ဗျ။ နောက်တချက်က အင်းလေးဖော်တော်ဦးကို မော်တော်ဆိုက်ကပ်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပြီခင်ဗျ’’ ဟု မဇ္စျိမကို ပြောသည်။
နွေရာသီတွင် ပျမ်းမျှရေအနက် ရ ပေခန့်ရှိပြီး၊ အနက်ဆုံး အပိုင်းတွင် ၁၂ ပေခန့်ရှိကာ မိုးတွင်းတွင် ပျမ်းမျှအထက် ၅ ပေခန့်အထိပင် မြင့်တက်လေ့ရှိသည်။ သို့သော် ပြီးခဲ့သည့်နှစ် နွေတွင် စံချိန်တင် ရေခန်းခြောက်ခဲ့သဖြင့် ၂ဝဝ၈ ခုနှစ်အတွင်း ရေပြင်အကျယ် စတုရန်းမိုင် ၄ဝ ရှိခဲ့ရာမှ ၂၃ မိုင်ခန့်သာ ရှိတော့သည်။
အင်းလေးကန် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ငွေမလုံလောက်သည့်အပေါ် ဦးအုန်းက စိတ်ပျက်မိသည်ဟု ဆိုသည်။
“ကျနော်တို့ ပညာရှင်တွေအနေနဲ့ စာတမ်းတွေ တင်ပြီးပြီ။ လက်တွေ့လုပ်ဖို့အတွက်က Funding က အစိုးရက မပေး၊ ပြည်ပက မပေး။ ပြည်တွင်းက သိန်း ၆၆ဝ လောက် ရတာလေးနဲ့ မတောက်တခေါက်လေးပဲ လုပ်လို့ရတယ်။ Funding က အဓိက။ နိုင်ငံခြားက လူတွေကလည်း လူကြားကောင်းအောင် အော်နေတယ်။ တကယ် ထိထိရောက်ရောက် ဘယ်သူမှ မပေးဘူး။ ကျနော်တောင် နည်းနည်း စိတ်ပျက်လာပြီ’’ ဟု သူက ပြောသည်။ ကျပ်သိန်း ၆၆ဝ ကို ဒေသတွင်း ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ပြည်တွင်း အလှူရှင်များက ပေးသည်ဟု ဆိုသည်။
ပြုပြင်စရိတ် အမေရိကန်ဒေါ်လာ သန်း ၅ဝ ခန့် (ကျပ်သန်း ၄ သောင်းခွဲခန့်) အထိ လိုအပ်မည်ဟု FREDA က ခန့်မှန်းထားသည်။ ဥရောပသမဂ္ဂ EU က အရှေ့တောင်ဒေသ ၅ နိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ယူရိုဒေါ်လာ သန်း ၄ဝဝ ကျော် လျာထားပြီး၊ လေ့လာတိုင်းတာရေးအတွက် ဒေါ်လာ ၆ သောင်းပေးရန် လွန်ခဲ့သည့် ရ လခန့်ကတည်းက တင်ပြခဲ့သော်လည်း FREDA ထံ အကြောင်းပြန်ကြားမှု မရှိသေးပေ။
“ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ။ အဲဒီလိုနေရာတွေက စွန့်ပစ်ပစ္စည်းတွေ ထိန်းရမယ်။ စွန့်ပစ်ပစ္စည်းတွေကို ရေကန်ထဲ မချဘဲနဲ့ အရာရောက်အောင်ပေါ့ဗျာ…၊ သဘာဝမြေသြဇာဖြစ်အောင် လုပ်ရမယ်။ အိမ်သာတွေကလည်း စနစ်တကျ လုပ်ရမယ်။ နောက် အရေးအကြီးဆုံးက ကြားခံဇုန်။ ပတ်ဝန်းကျင်မှာရှိတဲ့ နေရာတွေမှာ သစ်ပင်စိုက်ရမယ်။ လယ်ယာလုပ်တဲ့ နေရာမှာလည်း ကောက်ပဲသီးနှံတွေကို ဓာတ်မြေသြဇာ မသုံးဘဲနဲ့ သဘာဝမြေသြဇာ သုံးရမယ်။ ကျွန်းမျောတွေမှာ ခရမ်းချဉ်သီးစိုက်လို့ရှိရင်၊ စိုက်တဲ့အခါကျတော့ သုံးတဲ့ ဓာတုပစ္စည်းတွေကလည်း တော်တော်လေး အဆိပ်အတောက်တွေ ဖြစ်နေတယ်’’ ဟု အင်းလေးကန် ရေခန်းခြောက်ရခြင်းနှင့် ပျက်စီးယိုယွင်းလာရပုံကို ဦးအုန်းက ရှင်းပြသည်။
သူက ဆက်ပြီး “ရေအရင်းအမြစ်ဖြစ်တဲ့ ဧရိယာက ရေတွေ စီးဆင်းလာတော့ နုန်းတွေ သယ်လာတယ်။ နုန်းတင်လို့ ရှိရင် အင်းက ရေအဖတ်မတင်ဘူး၊ ရေခန်းလွယ်တယ်။ ရေဝင်ရေထွက်ကို Control (ထိန်းချုပ်) ရမယ်။ ဝင်လာတဲ့ ရေက သန့်ရမယ်၊ နုန်းတွေဘာတွေ မပါရဘူး။ ထွက်တဲ့ရေကလည်း လိုသည်ထက်ကို မထွက်ရဘူး’’ ဟု ပြောသည်။
FREDA သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဓိက လုပ်ဆောင် ပေးနေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း ဖြစ်သည်။ လက်ရှိတွင် FREDA အနေဖြင့် နာဂစ် မုန်တိုင်းသင့် ဧရာဝတီတိုင်းအတွင်း ဒီရေတောများ ပြန်လည် တည်ဆောက်ပေးလျက် ရှိသည်။
အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကမူ အင်းလေးကန် ပတ်ဝန်းကျင်၌ သစ်ပင်များ စိုက်ပျိုးရန် အစီအစဉ် ရှိနေသည်။
’’ဒီအချိန်မှာ လွှတ်တော် အစည်းအဝေးပဲ တက်နေရသေးတော့ သိပ်ပြီးတော့ မလုပ်နိုင်သေးဘူးပေါ့။ အင်းလေးဒေသ မိုင် ၂ဝ ဝန်းကျင်မှာ သစ်ပင်စိုက်ပျိုးဖို့ အစီအစဉ် ရှိတယ်ခင်ဗျ။ နောက် ရေကောင်းရေသန့် ရဖို့အတွက် ရေလှောင်ကနကြီး လုပ်ဖို့ အစီအစဉ်လည်း ရှိတယ်ခင်ဗျ’’ ဟု အင်းပါတီအမတ် ဦးဝင်းမြင့်က ပြောသည်။
သူက ဆက်ပြီး ’’ လူထုလုပ်အားနဲ့ပေါ့နော်၊ ငွေမကုန်ဘဲနဲ့ သစ်ပင်စိုက်တဲ့ လုပ်ငန်းတွေ၊ ရေဝင်ရေထွက်ကောင်းအောင် ပိတ်ဆို့နေတဲ့ ရေလမ်းကြောင်းတွေကို ဖွင့်ပေးမယ်။ နိုင်ငံခြား အကူအညီတွေကို သိပ်ပြီးတော့ မမျှော်လင့်ပါဘူး။ သူတို့ပေးနိုင်ရင် ကောင်းတာပေါ့။ ၁ဝ နှစ်ပဲဖြစ်ဖြစ်၊ အနှစ် ၂ဝ ပဲဖြစ်ဖြစ် နှဖူးကချွေး ခြေမ’ကျတဲ့အထိ အင်းသူ အင်းသားတွေရဲ့ အသက်ဖြစ်တဲ့အတွက် လုပ်ကိုင်သွားဖို့ သံဓိဋ္ဌာန် ချထားပါတယ်ခင်ဗျ’’ ဟု ပြောဆိုသည်။
ဦးအုန်းကမူ အင်းလေးကန် ထိန်းသိမ်းရေးအတွက် လယ်ယာ၊ သစ်တော၊ ဆည်မြောင်းနှင့် ငါးလုပ်ငန်း ဌာနဆိုင်ရာများ ညှိနှိုင်းလုပ်ကိုင်ရမည့်အပိုင်း အားနည်းသဖြင့် အားမလိုအားမရ ဖြစ်သော်လည်း အစိုးရက သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွားရေး သုတေသန လုပ်ငန်းအစုအဖွဲ့ ရှိလာသဖြင့် ဝမ်းသာသည်ဟု ဆိုသည်။
ဒေသအာဏာပိုင်များဘက်က အင်းလေးအနီးတွင် ရေကာတမံနှင့် တည်ဆောက်မှုနှင့်အတူ ကန်ထဲ၌ သောင်တူး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။