ဆင်းရဲသား အခမဲ့ ဆေးကုနိုင်ခွင့် ပယ်ချခံရ

ဆင်းရဲသား အခမဲ့ ဆေးကုနိုင်ခွင့် ပယ်ချခံရ
by -
မျိုးသန့်

ဝင်ငွေနည်းပြည်သူများ ဆေးကုသခွင့် အာမခံချက်ရှိသည့် အမျိုးသား ကျန်းမာရေးစနစ် ထူထောင်ရန် ပြည်သူ့လွှတ်တော် အမတ်များက ကြာသပတေးနေ့ အစည်းအဝေး၌ တင်ပြခဲ့ရာ ကျန်းမာရေးဝန်ကြီး ...

ချင်းမိုင် (မဇ္စျိမ) ။      ။ ဝင်ငွေနည်းပြည်သူများ ဆေးကုသခွင့် အာမခံချက်ရှိသည့် အမျိုးသား ကျန်းမာရေးစနစ် ထူထောင်ရန် ပြည်သူ့လွှတ်တော် အမတ်များက ကြာသပတေးနေ့ အစည်းအဝေး၌ တင်ပြခဲ့ရာ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က စရိတ်မျှပေး ကျန်းမာရေးစနစ် ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း အမတ်တဦးက ပြောသည်။

“ဆေးရုံကြီးမှာ ဆေးကုရတာ ဈေးကြီးတဲ့ အကြောင်းတွေဘာတွေပေါ့။ နောက်တခုက အလုပ်မရှိတဲ့သူတွေ ဘယ်လို ဆေးကုမလဲပေါ့၊ အဲဒါတွေကို ဆွေးနွေးပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာကတော့ ထုံးစံအတိုင်းပေါ့လေ။ သူ့ရဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ အတိုင်းပေါ့လေ၊ ဆေးရုံက အကုန်လုံး လုပ်ထားတာ၊ ဆေးတွေလည်း အခမဲ့ ကုပေးနေတယ်ပေါ့လေ။ အဲဒီတည်းက ပြီးသွားပြီလေ” ဟု ယနေ့ ပြည်သူ့လွှတ်တော်တက် အမတ်တဦးက မဇ္စျိမကို ပြောဆိုသည်။

အဆိုကို ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီ SNDP မှ ဒေါက်တာကျော်အုန်းက တင်သွင်းခဲ့ကာ၊ ဦးစိုင်းသိန်းအောင် (SNDP ၊ တာချီလိတ်)၊ ဦးခင်မောင်ရီ (အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ အလုံ) ဦးဋ္ဌေးဝင်း (ကြံ့ဖွံ့ပါတီ) တို့မှ ထောက်ခံဆွေးနွေးခဲ့သည်။

ဝန်ထမ်းများ လစာတိုးရေးနှင့် ပတ်သက်သည့် မေးခွန်းကို ဘဏ္ဍာရေးဝန်ကြီး ဦးလှမြင့်က ယတိပြတ် ငြင်းဆိုခြင်း မရှိဘဲ ဝန်ထမ်းအရေအတွက်နှင့် ဌာနဆိုင်ရာများ များပြားကြောင်း ပြောဆိုပြီး ကောင်းမွန်သော အစိုးရဖြစ်အောင် လုပ်မည်ဟုသာ ဖြေဆိုခဲ့သည်။

“လစာတွေက ဘယ်တုန်းကတည်းက ဘယ်လိုဘယ်လို တိုးပြီးပြီပေါ့။ မြန်မာပြည်မှာ အဲဒါမျိုးတွေ တော်တော် များနေပြီပေါ့။ ယတိပြတ်ငြင်းတာတော့ မဟုတ်ဘူး။ ဝန်ထမ်းတွေနဲ့ ဌာနတွေက များနေတယ်ပေါ့လေ။ အဲဒီသဘောမျိုး ပြောတာပေါ့။ Good Government ဖြစ်အောင် လုပ်ပါ့မယ်ပေါ့။ စီမံချက်တွေချပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း အဲဒီလိုမျိုး ပြောသွားပါတယ်” ဟု လွှတ်တော် အမတ်တဦးက ပြောသည်။

ဆွံ့အနားမကြားသူများအတွက် အချက်ပြ ဟန်ပန်သုံး ဘာသာစကားကို ရုပ်မြင်သံကြားမှ တင်ပြပေးရန် အမေးကို ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံတွင် ထိုဟန်ပန်သုံး ဘာသာစကားကို ဖတ်တတ်သူ နည်းပါးပြီး အခြေအနေပေးပါက လုပ်ဆောင်ပေးရန်သာ ဖြေကြားခဲ့ကြောင်း အထက်ပါ အမတ်ကပင် ဆက်ပြောပြသည်။

ပြည်သူ့လွှတ်တော်တွင် တင်ပြသည့် အဆိုများနှင့် မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးများမှ ပြန်လည် ဖြေကြားချက်များ ရလဒ်မကောင်းသော်လည်း အမျိုးသားလွှတ်တော်ဘက်တွင် ပညာရေး ကျန်းမာရေးနှင့် ပတ်သက်သည့် အဆိုများကို ထောက်ခံခြင်းဖြင့်သာ ပြီးဆုံးသွားသည်ဟု အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည် အဆိုအရ သိရသည်။

“ပညာရေးနဲ့ ပတ်သက်တဲ့ အဆိုကိုတော့ ရန်ကုန်တိုင်းက ကိုဘုန်းမြင့်အောင်က ထောက်ခံ ဆွေးနွေးတာပေါ့နော်။ ရှမ်းပြည်နယ်က စိုင်းသန့်ဇင်၊ သူကလည်း ထောက်ခံကြောင်း ဆွေးနွေးတယ်။ နောက်တခါ ပေါ်လျှံလွင်ကပဲ ချင်းပြည်နယ်က ဆရာဝန်တွေလိုတဲ့ နေရာတွေကို ဆရာဝန်တွေချပေးဖို့၊ အဲဒါကို အဆိုတင်တာကို ဒေါက်တာ မြတ်ဉာဏစိုးက ထောက်ခံကြောင်း ဆွေးနွေးတယ်။ အဲဒီမှာတင် အဆိုတွေ ပြီးသွားတယ်” ဟု သူက ပြောသည်။

အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်များ ယနေ့မေးမြန်းသည့် မေးခွန်းများမှာ မြန်မာ ကမ်းရိုးတန်းများတွင် ရေတားတာတမံများ ဆောက်ပေးခြင်းနှင့် ပေါင်းတည် ရေလှောင်တမံ အပြီးသတ်ရေးဆိုင်ရာ မေးခွန်းများ ပါဝင်သည်။

ဆည်မြောင်းဆိုင်ရာ မေးခွန်းများကို လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦးက ဘဏ္ဍာတွေခွဲဝေမှုအရ လုပ်ဆောင်နေပြီး လာမည့် နှစ်တွင် ဆက်လက်ဆောင်ရွက်သည်ဟု ဖြေကြားခဲ့သည်။ ထို့အပြင် ဥရုချောင်းအတွင်း ရွှေတူးဖေါ်မှုကြောင့် မြစ်ကြောင်းတိမ်ကောမှုများ ထိန်းသိမ်းရန် ပြောဆိုချက်ကို သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်က သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော်တွင် မေးမြန်းသည့် အဆိုများကို သက်ဆိုင်ရာဝန်ကြီးများက ချက်ချင်းဖြေကြားကြပြီး၊ အဆိုတင်သွင်းမှုကို ထောက်ခံဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်သုံးသပ်ရန်ရှိကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့လည် ၁ဝ နာရီမှစ၍ နေ့ခင်း ၂ နာရီခွဲတွင် ပြီးဆုံးကာ၊ အမျိုးသားလွှတ်တော်သည် မနက် ၁ဝ နာရီမှစ၍ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။

Most read this week