မန္တလေးတွင် နားရွက်ပြာ ဝက်ရောဂါ ပထမဆုံးဖြစ်ပွား

မန္တလေးတွင် နားရွက်ပြာ ဝက်ရောဂါ ပထမဆုံးဖြစ်ပွား
by -
ကျော်ခ

နားရွက်ပြာရောဂါဟု ခေါ်ကြသော ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု မန္တလေးတွင် ဖြစ်နေသည်။ ...

ချင်းမိုင် (မဇ္ဈိမ) ။        ။ နားရွက်ပြာရောဂါဟု ခေါ်ကြသော ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု မန္တလေးတွင် ဖြစ်နေသည်။

အနည်းဆုံး ၃ မြို့နယ်ရှိ ဝက်များတွင် နားရွက်များ ပြာနှမ်းလာပြီး သေဆုံးမှုများ ဖေဖော်ဝါရီ ၁၅ ရက်က စတွေ့ခဲ့သည်။ မတ် ၄ ရက်အထိ ဝက် ၅၅၉ ကောင်ကို ကူးစက်ခဲ့ပြီး  ဝက်ကောင်ရေ ၂၁ဝ သေဆုံးသည်ဟု တိုင်းကျန်းမာရေးဌာနက မဇ္ဈိမသို့ ပြောသည်။

OIE ခေါ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (World Organization for Animal Health) ကလည်း မြန်မာနိုင်ငံတွင် ဝက်မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားနေကြောင်း အရေးပေါ် ကြေညာချက် ထုတ်ထားသည်။   

မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စစ်ကိုင်း၊ မတ္တရာ စသည့် မန္တလေးနှင့်ဝန်းကျင်မြို့နယ်များတွင် ကူးစက်နေကြောင်း မန္တလေးတိုင်း ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။  

“ဒါ ကျနော်တို့ နိုင်ငံမှာ ပထမဆုံး ဖြစ်တာပါ” ဟု သူက မဇ္စျိမကိုပြောသည်။  

ဝက်များ အစုအပြုံလိုက်သေဆုံးပြီးနောက် ဝက်သားစားသူ နည်းသွားသည်ဟု မန္တလေးမြို့ခံများက ပြောသည်။  

“အစကတော့ ဝက်သေသားတွေကို အလှူက ပိုတဲ့ ဝက်သားတွေဆိုပြီး စျေးပေါပေါနဲ့ လာရောင်းတာတွေ ရှိတယ်။ မသိတော့ စျေးသက်တာတာနဲ့ ဝယ်စားလိုက်တယ်။ ခုနောက်ပိုင်း မြို့ပေါ်မှာ ဒီရောဂါနဲ့ ဝက်တွေသေတာများလာတော့ ဝက်သား မစားရဲတော့ဘူး” ဟု မြို့ခံတဦးက မဇ္စျိမကိုပြောသည်။  

ပြည်ကြီးတံခွန်နေသူတဦးကမူ “ဝက်တွေ လမ်းလျှောက်ရင် ယိုင်ထိုးထိုး ဖြစ်လာပြီး မကြာဘူးသေတာပဲ။ အသားရောင် ကတော့ ညိုမည်းမည်း အရောင်သန်းသွားတယ်။ အခုသေတာများလို့ တချို့ ပေါ်ရောင်းတာတောင် မလုပ်ကြတော့ဘူး။ လမ်းဘေးမှာပဲ လွှင့်ပစ်တာတွေ တွေ့ရတယ်” ဟု မဇ္စျိမကို ပြောသည်။  

ယင်းကူးစက်ရောဂါနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဦးဆောင်၍ ရောဂါ ရှာဖွေ စမ်းသပ်နေဆဲဖြစ်သလို နှိမ်နင်းမှုများ ပြုလုပ်ရန်လည်း စီစဉ်နေကြောင်း  မန္တလေးတိုင်း မွေးမြူရေးနှင့် ကုသရေးဌာန တိုင်းရုံး တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

အပြင်းစား ကူးစက်ရောဂါဟု ကျန်းမာရေးအရာရှိက ပြောဆိုပြီး ရောဂါနှိမ်နင်းရန် ဆေးဝါးလိုအပ်ချက် ကြီးမားသည်ဟုလည်း ဆိုသည်။

Most read this week