လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု တရပ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ မတ်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု တရပ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ မတ်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့လယ်ရှိ အာရှလမ်းမကြီးဘေး ရဲစခန်းအနီး ဓာတ်ဆီဆိုင်၌ ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲခဲ့ပြီး၊ ဆိုင်ပိတ်ချိန် ဖြစ်သဖြင့် တဦးတယောက်မျှ မထိခိုက်သလို ဆိုင်လည်း ပျက်စီးမှု မရှိခဲ့ပေ။
“လူတွေ ဘာတွေတော့ မထိပါဘူး။ ပလက်ဖောင်း နည်းနည်း ထိသွားရုံပဲ။ သူတို့ တွက်တာကတော့ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) က မြို့ပေါ်ကို လာခြိမ်းခြောက်တယ်လို့ပဲ တွက်နေကြတယ်” ဟု မြို့နယ် ရဲစခန်းနှင့်နီးစပ်သူ မြို့ခံတဦးက မဇ္စျိမကို ပြောသည်။ အခင်းဖြစ်ရာသို့ ရဲများ ရောက်ခဲ့သော်လည်း ယခုထိ ဖောက်ခွဲသူကို မဖော်ထုတ်နိုင်သေးဟု ဆိုသည်။
ဗုံးကွဲပြီးနောက် ယခုအခါ နယ်ခြားစောင့်တပ်များ၊ စစ်အစိုးရတပ်များဖြင့် မြို့လုံခြံုရေး တင်းကျပ်နေပြီး၊ မသင်္ကာသည့် ကား၊ ဆိုင်ကယ်နှင့် လူများကို တားမြစ်စစ်ဆေးသလို ညဘက်တွင် အာရှလမ်းမပေါ်၌ ရှောင်တခင် စစ်ဆေးမှုများ ရှိနေသည်။
ပြီးခဲ့သည့် ၉ ရက်နေ့တွင်လည်း အာရှလမ်းမကြီးထိပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ယာဘက်ခြမ်းရှိ 7 Star လက်ဖက်ရည်ဆိုင်တွင် ဗုံးပေါက်ခဲ့ရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။
“ကျနော်တို့ဆီမှာကတော့ အကိုရယ် ဝုန်းခနဲအသံကြားရင် တိုက်ပွဲတွေ ဖြစ်ပြီးလားပဲ ထင်နေတော့ ထွက်တောင် မစပ်စုရဲဘူး။ ကိုယ့်အိမ်မှာကိုယ် ပုန်းနေရတယ်” ဟု မြဝတီမြို့သား တဦးက ပြောသည်။
မြဝတီတွင် စစ်အစိုးရတပ်များ၊ DKBA နယ်ခြားစောင့်တပ်များအပြင် အရပ်သားအသွင် နေထိုင်သည့် နယ်ခြားစောင့်တပ် ငြင်းဆန်ဆဲ DKBA တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များ၊ ဟောင်သရော ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF အဖွဲ့ဝင်များ လှုပ်ရှားနေသည်။