ဦးတေဇ ရဟတ်ယာဉ်ပျက် မသယ်နိုင်သေး

ဦးတေဇ ရဟတ်ယာဉ်ပျက် မသယ်နိုင်သေး
by -
ကျော်ခ

ကချင်ပြည်နယ် မြောက်ဖျား ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်တွင် ကျွံကျနေသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ်ကို ပြန်မသယ်နိုင်သေးကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူများက ပြော ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ကချင်ပြည်နယ် မြောက်ဖျား ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်တွင် ကျွံကျနေသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ်ကို ပြန်မသယ်နိုင်သေးကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူများက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ (ဓါတ်ပုံ မဇ္စျိမ)အမြင့်ပေ တသောင်းနှစ်ထောင်နီးပါးအမြင့်ရှိ ရေခဲတောင်ပေါ်တွင် ၁၅ ရက်ကြာမြင့်ပြီဖြစ်သော ရဟတ်ယာဉ်ပျက်ကို တစချင်း ဖြုတ်သယ်ရမည့် အခြေအနေဖြစ်သည်။

ရေခဲတောင်ပေါ်သို့တက်ရောက်မည့် လမ်းကြောင်းကို လေ့လာစဉ် ဦးတေဇအပါအဝင် လူ ၆ ဦးမှာ ရဟတ်ယာဉ်ကျွံသွား၍ သုံးရက်ကြာသောင်တင်ခဲ့ပြီး ထိုင်းနိုင်ငံမှ ငှားရမ်းသော ရဟတ်ယာဉ်တစီးမှ ကြိုးချကယ်ခဲ့ရသည်။

“ရဟတ်ယာဉ်ကတော့ တောင်ပေါ်မှာပဲ။ သယ်လို့မရသေးဘူး ဖြစ်နေတယ်။ အစီးလိုက် ဆွဲထုတ်ဖို့အတွက်က ကျနော်တို့ဆီမှာ ဒါကို သယ်ထုတ်နိုင်တဲ့့ ရဟတ်ယာဉ် မရှိဘူးပြောတယ်။ ကိုယ်ထည်ကို ဖြုတ်သယ်ဖို့ကလည်း တောင်ပေါ် အဆင်းအတက် ခရီးက မလွယ်ဘူးလို့ ပြောတယ်။ သယ်ဖို့အတွက်တော့ စီစဉ်နေတယ်” ဟု ထူးကုမ္ပဏီ မန်နေဂျာ တဦးက မဇ္စျိမကို ပြောသည်။

ရဟတ်ယာဉ် ကျွံကျတိမ်းဆောင်းစဉ် အချို့ ခြေထောက် နာကျင်ဒဏ်ရာရသဖြင့် ရန်ကုန်သို့ရောက်ပြီး နောက်တနေ့ ၂၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်၍ ၃ ရက်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ကြသည်။    

“ရဟတ်ယာဉ်က ကျွံကျတုန်းက တုံးလုံးလဲပြီး ကျွံတာဆိုတော့ မ’ထုတ်ဖို့ တော်တော်ခက်ခဲတယ်။ ပေ အဲလောက် မြင့်သွားရင်လည်း ရဟတ်ယာဉ်တွေက အလုပ်လုပ်နိုင်မှု အားနည်းသွားတယ်။ ဟိုတနေ့က လူကယ်တာတောင် တဦးချင်း ကဲ့ယူရတာလေ။ မရတဲ့အဆုံးတော့ ကိုယ်ထည်တွေ တစစီ ဖြုတ်ယူပါလိမ့်မယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ယင်းကဲ့သို့ သွားရောက်ဖြုတ်ယူလျှင် တောင်ပေါ်ရောက်ရန် ရက်သတ္တတပတ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကာ၊ နှင်းတောလမ်းကို ဖြတ်၍ ပစ္စည်းများ သယ်ယူရန်မှာလည်း ခက်ခဲလိမ့်မည်ဟု သူက ဆိုသည်။

Most read this week