မစ္စတာ ဒန်ကလေ အာမခံ မရ

မစ္စတာ ဒန်ကလေ အာမခံ မရ
by -
သဲသဲ

မြန်မာတိုင်းမ်ဂျာနယ် တည်ထောင်ခဲ့သူ တဦးဖြစ်သည့် မစ္စတာ ရော့စ်ဒန်ကလေကို ဒုတိယမြောက် ရုံးထုတ်သည့် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အာမခံ မပေး ...

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာတိုင်းမ်ဂျာနယ် တည်ထောင်ခဲ့သူ တဦးဖြစ်သည့် မစ္စတာ ရော့စ်ဒန်ကလေကို ဒုတိယမြောက် ရုံးထုတ်သည့် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အာမခံ မပေးဘဲ၊ ရုံးချိန်းကို ယခုလ ၈ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

မစ္စတာ ရော့စ်ဒန်ကလေ အမှုကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အာမခံမပေးဘဲ၊ ရုံးချိန်းကို ယခုလ ၈ ရက်နေ့သို့ ထပ်မံချိန်းဆို (ဓါတ်ပုံ မဇ္စျိမ)မစ္စတာ ရော့စ်၏ ရှေ့နေများက ဒုတိယအကျော့ ယနေ့တရားခွင်တွင် အာမခံရရေး ကြိုးပမ်းခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။

“အာမခံတော့ ဒီနေ့ မရပါဘူး။ ၈ ရက်နေ့ကို ကြားနာမှု ထပ်ချိန်းထားပါတယ်။ တရားလိုသက်သေ ၅ ယောက် စစ်ပါတယ်။ အပြန်အလှန် မေးခွန်းပဲ မစ္စတာရော့စ်ကို မေးတယ်။ ဒေါက်တာတင်ထွန်းဦးက အာမခံပေးပါတယ်’’ ဟု မြန်မာတိုင်းမ် ပြောရေးဆိုခွင့်ရသူ ဦးဝေလင်းက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့်လ ၁ဝ ရက်နေ့တွင် Myanmar Consolidated Media Group Ltd (MCM) ၏ CEO ဖြစ်သူ မစ္စတာ ရော့စ် ဒန်ကလေ Ross Dunkley ကို ရဲက ဖမ်းကာ၊ နောက်ရက်တွင် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်ခဲ့သည်။  ၂၄ ရက်နေ့တွင် သူ့ကို စတင်၍ ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလို တဦးဖြစ်သူ မခိုင်ဇာ၏ ထွက်ဆိုချက်ကို ရုံးတော်က ကြားနာခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် သူ့ကို တရားစွဲထားခြင်း ဖြစ်သည်။  ယင်းအမှုများအနက် လဝက ၁၃ (၁) နှင့် ပုဒ်မ ၃၂၈ မှလွဲ၍ ကျန်အမှုများမှာ အာမခံပေးနိုင်သော အမှုများ ဖြစ်သည်။

ယနေ့တရားရုံးက စွဲဆိုထားသည့် အမှု ၅ မှုအနက် တစုံတရာ ပြန်လည်ရုပ်သိမ်းခြင်း မရှိဘဲ ဆက်လက်၍ တရားဆိုင်ခဲ့သည်။

အမှုအတွက် ရှေ့နေ ဦးမင်းစိန်နှင့် ရှေ့နေ ဦးအောင်ဝင်းနိုင်က လိုက်ပါဆောင်ရွက်ပေးနေသဖြင့် ယနေ့အခြေအနေ အသေးစိတ်ကို သိရှိရန် မဇ္စျိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

CEO ရာထူးကို ဒေါက်တာတင်ထွန်းဦးက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လွှဲပြောင်းယူခဲ့ပြီး ဖြစ်သည်။ အစုရှယ်ယာ ပူးတွဲပိုင်သူ CEO အသစ် ဒေါက်တာတင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဝန်ထမ်းအချို့က မစ္စတာရော့စ် အာမခံရရန် တရားရုံး မထုတ်ခင် ကြိုးပမ်းခဲ့ကြသေးသည်။

လက်ရှိတွင် Myanmar Consolidated Media Group Ltd ၏ အစုရှယ်ရာ ၄၉ ရာခိုင်နှုန်းကို မစ္စတာ ရော့စ် ပိုင်ဆိုင်ပြီး၊ ကျန်အစုရှယ်ရာကို ပုဇွန်တောင်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့သူ ဒေါက်တာတင်ထွန်းဦး ပိုင်ဆိုင်သည််။