ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အမတ်တဦး အရွေးခံရပြီးမှ ကြံ့ခိုင်ရေးပါတီအမတ်ဖြင့် အစားထိုးခံခဲ့ရ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အမတ်တဦး အရွေးခံရပြီးမှ ကြံ့ခိုင်ရေးပါတီအမတ်ဖြင့် အစားထိုးခံခဲ့ရသည်။
ကြာသပတေးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် SNDP မှ စိုင်းဇော်ထွန်း (မိုးမောက်) အား ကြံ့ခိုင်ရေးအမတ် ဦးမိုးဇော်ဟိန်း (ကသာ) ဖြင့် ပြန်လည်၍ အစားထိုးခံရကြောင်း အမတ်များက ပြောဆိုခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၃ ရက်မြောက်နေ့၌ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ၁၅ ဦး၏ အမည်များကို လွှတ်တော်အတွင်း ကြေညာစဉ်က SNDP မှ စိုင်းသီဟကျော် (မိုင်းရယ်) နှင့် စိုင်းဇော်ထွန်း (မိုးမောက်) တို့ ပါဝင်ခဲ့သည်။
ထို့နောက် ကြံ့ခိုင်ရေးမှလွဲ၍ ကျန်ပါတီများအနေဖြင့် တပါတီလျှင် တဦးသာ ညီတူပါရမည်ဟု သူရဦးရွှေမန်းက အကြောင်းပြကာ အစားထိုးခြင်းလည်း ဖြစ်သည်။
“စောစောပိုင်းကတော့ အံ့သြနေတာ SNDP က နှစ်ယောက်တောင် သူတို့ထည့်ထားပါလားလို့။ စိုးဇော်ထွန်းက ကြံခိုင်ရေးကလို့ သူတို့ ထင်တယ် ထင်တယ်။ ဒီလိုပဲ မှားတတ်တာပေါ့လေ။ တပါတီ တယောက် မျှမျှတတ ဖြစ်အောင်လို့တဲ့” ဟု အမတ်တဦးက ပြောသည်။
စိုင်းဇော်ထွန်း (မိုးမောက်) သည် SNDP မှ ကချင်ပြည်နယ် တဦးတည်းသော အမတ်ဖြစ်ပြီး အသက် ၂၆ နှစ်ကျော်သာ ရှိသေးသည်။ မိုးမောက် မဲဆန္ဒနယ်တွင် ရှုံးနိမ့်သွားသူ ကြံ့ဖွံ့ကိုယ်စားလှယ် ဦးရုံးမူက တရားစွဲခဲ့သော်လည်း အမှုကို တရားရုံးက ပလပ်လိုက်ပြီး ဖြစ်သည်။
အခြားအမတ်တဦးက “နာမည်တွေ ပြန်ကြေညာတော့ မိုးဇော်ဟိန်း ဖြစ်သွားတယ်။ ဒုညွှန်ချုပ် ဦးကျော်စိုးကလည်း ကြောင်သွားပြီးတော့ ချက်ချင်း ဥက္ကဋ္ဌအနား သွားပြီးတော့ စာရွက်လေးနဲ့ တိုက်စစ်ချင်တယ်ပေါ့။ ဒါပေမဲ့ ဥက္ကဋ္ဌက အတည်ပြုပါသလားမေးပြီး အတည်ဖြစ်သွားတာပေါ့” ဟု အမတ်တဦးက ပြောသည်။
အဖွဲ့ဝင် ၁၅ ဦးပါသည့် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ကော့ကရိတ်မြို့နယ် ကြံ့ခိုင်ရေးအမတ် ဦးသူရိန်ဇော်ကို ခန့်အပ်လိုက်သည်။ သူသည် စစ်အစိုးရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဖြစ်သည်။ ပဲခူးတိုင်း မင်းလှမြို့နယ် ကြံ့ခိုင်ရေးအမတ် ဦးမောင်တိုးက ကော်မတီတွင် အတွင်းရေးမှူး ဖြစ်သည်။
အဖွဲ့ဝင်များမှာ စိုင်းသီဟကျော် ခေါ် စိုင်းဟပ် (မိုင်းရယ်) SNDP၊ ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်) တစည (ယခင် မဆလပါတီ ဗဟိုကော်မတီဝင်)၊ ဒေါ်တင်နွယ်ဦး (မြောက်ဒဂုံ) NDF၊ ဦးခွန်မောင်သောင်း (ပင်လောင်း) PNO၊ ဦးခွန်လိန်း (ဖလန်း) CPP၊ ဦးစိုးမြင့် (ညောင်လေးပင်) ကြံ့ခိုင်ရေး၊ ဦးကြည်သာ (ဂွ) ကြံ့ခိုင်ရေး၊ ဦးအောင်မြသန်း (ညောင်တုန်း) ကြံ့ခိုင်ရေး၊ ဦးဟောက်ခန့်မန် (တွန်းဇံ) ကြံ့ခိုင်ရေး၊ ဦးအောင်လင်းလှိုင် (ဘုတ်ပြင်း) ကြံ့ခိုင်ရေး၊ ဒေါက်တာဝင်းမြင့် (လှိုင်) ကြံ့ခိုင်ရေး၊ ဒေါ်မိယဉ်ချမ်း (ကျိုက်မရော) ကြံ့ခိုင်ရေး၊ ဦးမိုးဇော်ဟိန်း (ကသာ) ကြံ့ခိုင်ရေး တို့ ဖြစ်ကြသည်။
မနက် ၁ဝ နာရီတွင် စတင်ခဲ့သည့် အစည်းအဝေးကို အမည်စာရင်းရင်းများ ကြေညာပြီးနောက် မိနစ် ၃ဝ ခန့် ရပ်နားသည်။ ၁၁ နာရီ မိနစ် ၂ဝ တွင် ပြန်စတင်ပြီး ၁၁ နာရီခွဲကျော်တွင် ပြီးသည်။ မနက်ဖြန် မနက် ၁ဝ နာရီတွင် ၄ ရက်မြောက်အဖြစ် ဆက်လက်ကျင်းပမည်။
ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ခွင့်တိုင်ပျက်ကွက်သူ အမတ် ၂ ဦး ရှိပြီး၊ ၄၃၂ ဦး တက်ရောက်ခဲ့သည်။ ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေး နုတ်ထွက်သွားသဖြင့် စုစုပေါင်း အမတ် ၄၃၄ ဦးသာ ကျန်ရှိခြင်း ဖြစ်သည်။
ဦးသူရိန်ဇော်
(ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ)
လက်ရှိအလုပ်အကိုင် = ဒုတိယဝန်ကြီး (စီမံ/စီးပွားဝန်ကြီးဌာန)
ဇာတိ = ရန်ကုန်
မွေးသက္ကရာဇ် = ၁၉၅၈ ခု၊ (၅၃ နှစ်)
နေရပ်လိပ်စာ = အမှတ် ၁၂/က အင်းစိန်၊ ဂန္ဓမာလမ်း၊ စျေးကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်တိုင်း။
ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မှော်ဘီဗိုလ်သင်တန်းကျောင်းဆင်း၊ စစ်ဦးစီးတက္ကသိုလ် သင်တန်းဆင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းတံဆိပ်များ ရခဲ့သည်။ ၁၉၉၅-၉၈ အထိ ခမရ ၅၄၇ ကော့ကရိတ်၊
ဦးမောင်တိုး
(ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး)
ဇာတိ = ရန်ကုန်
မွေးသက္ကရာဇ် = ၁၉၅ဝ ခု၊ (၆ဝ နှစ်)
နေရပ် = ဒဂုံဆိပ်ကမ်း၊ ရန်ကုန်တိုင်း
အလုပ်အကိုင် = ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့ပုလဲလုပ်ငန်း၊ BSC စစ်တက္ကသိုလ်၊ ဒီပလိုမာ (နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်)၊ ဖွံ့ဖြိုးရေးမဟာဘွဲ့ (စီးပွားရေး တက္ကသိုလ်)