ပဲခူးတိုင်း အင်းတကော်ရှိ အမှတ် ၁ ခဲယမ်းမီးကျောက် တပ်ဝင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ လောင်မှုသည် ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ရ နာရီ ၁၅ တွင် ငြိှမ်းသတ်ပြီးစီး ...
မဇ္စျိမသတင်းဌာန ။ ။ ပဲခူးတိုင်း အင်းတကော်ရှိ အမှတ် ၁ ခဲယမ်းမီးကျောက် တပ်ဝင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ လောင်မှုသည် ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ရ နာရီ ၁၅ တွင် ငြိှမ်းသတ်ပြီးစီးကြောင်း ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့ အဆိုအရ သိရသည်။
မီးလောင်သည့် နေရာသည် ပဲခူးတိုင်းအတွင်း ရှိသော်လည်း ရန်ကုန်တိုင်း မီးသတ်ကပါ မီးငြိှမ်းသတ်မှုကို တိုင်းအဆင့် သတ်မှတ်၍ မြို့နယ်အားလုံးမှ မီးသတ်ကားများကို အသင့်အနေအထားဖြင့် ရှိနေရန် ညွှန်ကြားခဲ့ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။
''အမှတ် ၁ ခဲယမ်းမီးကျောက်တပ်ထဲမှာ လောင်ပါတယ်။ ဒီကလည်း ကားတွေ ထွက်တယ်။ မီးငြိမ်းတဲ့အချိန်ကို ၁၉း ၁၅ လို့ သတ်မှတ်ပါတယ်။ ကားတွေတော့ ပြန်ရောက်မလာသေးဘူး'' ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့မှ တာဝန်ကျ အရာရှိတဦးက မဇ္စျိမကို ပြောသည်။
မီးလောင်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရသေးပါ။
အင်းတကော် လက်နက်စက်ရုံ မီးလောင်
မဇ္စျိမသတင်းဌာန ။ ။ ပဲခူးတိုင်းအင်းတကော်ရှိ စစ်လက်နက်ထုတ်စက်ရုံတွင် မီးလောင်နေကြောင်း ကြာသပတေးနေ့ ညနေ ၆ နာရီ သတင်းပို့ချက်တရပ်က ဆိုသည်။
အင်းတကော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ မီးလောင်နေသဖြင့် ရန်ကုန်တိုင်းအဆင့် မီးသတ်အားလုံး တပ်လှန့်ထားကာ အင်အားစုပေါင်းနေသည်ဟု ထောက်ကြံ့မီးသတ်ကလည်း မဇ္စျိမကို ပြောသည်။
"ဟုတ်တယ်ဗျ။ မီးလောင်နေတယ်။ ကျနော်တို့ အင်းစိန်၊ မင်္ဂလာဒုံ၊ အနီးဆုံး မြို့နယ်မီးသတ်တွေကော၊ တိုင်းက မီးသတ်တွေကော ကားထွက်ပါတယ်" ဟု ထောက်ကြံ့မီးသတ် တာဝန်ကျက ပြောသည်။ ၎င်းတို့ထောက်ကြံ့တွင် မီးသတ်ကား ၂ စီးသာ ရှိသည်ဟု ဆိုသည်။
အင်းတကော် လက်နက်ထုတ်စက်ရုံသည် အင်းယားကန်ဘေး အင်းယားလိတ်ဟော်တယ်အနီးရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ အမှတ် ၁ နှင့် ၄ ပြီးလျှင် ရန်ကုန်မြို့နှင့် အနီးကပ်ဆုံး ခဲယမ်းလက်နက်ထုတ် စက်ရုံဖြစ်သည်။ ရန်ကုန်တိုင်းနှင့်နီးသည့် တိုက်ကြီးတွင်လည်း ကပစ စက်ရုံတရုံ ရှိသေးသည်။