သားကို စစ်တပ်ထဲမှ ရွေးထုတ်ရမည်

သားကို စစ်တပ်ထဲမှ ရွေးထုတ်ရမည်
by -
ထွန်းထွန်း

၁၆ နှစ်အရွယ် သားငယ်ကို စစ်တပ်ထဲမှ ပြန်ထုတ်ရန် လျော်ကြေးပေးရမည်ဟု ပဲခူးတိုင်း ဝေါမြို့ရှိ မိဘနှစ်ပါးက ပြောဆိုသည်။ ...

နယူးဒေလီ (မဇ္စျိမ) ။       ။ ၁၆ နှစ်အရွယ် သားငယ်ကို စစ်တပ်ထဲမှ ပြန်ထုတ်ရန် လျော်ကြေးပေးရမည်ဟု ပဲခူးတိုင်း ဝေါမြို့ရှိ မိဘနှစ်ပါးက ပြောဆိုသည်။

ဝေါမြို့ အေးချမ်းသာယာကွက်သစ် ၂ လမ်း (ခတ္တာလမ်း)၊ အိမ်အမှတ် ၅၈၉ နေ ဖခင် ဦးအောင်နိုင်နှင့် မိခင် ဒေါ်ညိုညိုလွင်က ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် မန္တလေးတိုင်း ခြေမြန်တပ်ရင်း ခမရ ၁၅ဝ တွင် စစ်မှုထမ်းနေသော သား မောင်အောင်ဇင်ထက်က သူ့ကို လျော်ကြေးငွေပေး၍ စစ်တပ်ထဲမှ ရွေးထုတ်ရမည်ဟု ဖုန်းဆက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အမေတဲ့၊ သား လျော်ရမယ်တဲ့။ အဲဒါပဲ ကြားတယ်။ ကြားတော့ ကျမကနေ သူ့ကို မေးတယ်။ သားက ဘာလျော်ရမှာလဲ၊ ပိုက်ဆံလျော်ရမှာလား၊ ဘယ်လောက်လျော်ရမှာလဲ၊ အမေ့ကို ပြော။ အမေ ပြောတာတွေလည်း သား ကြားလားလို့ဆိုတော့ သူကနေပြီးတော့ အမေပြောတာ သားကြားတယ်တဲ့။ အဲဒီလို တလုံးပြောပြီး ဖုန်းက ပြန်ကျသွားတယ်။ နောက်တခါ သူက ထပ်ခေါ်တယ်။ ထပ်ခေါ်တဲ့အချိန်က ပြန်ကျပြီးတော့ ဘာမှ မသိလိုက်ရဘူး” ဟု မိခင် ဒေါ်ညိုညိုလွင်က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အောင်ဇင်ထက်မှာ အလုပ်လုပ်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီး၊ ရန်ကုန်၌ ရှိနေစဉ် စက်တင်ဘာတွင် စစ်သားစုဆောင်းခံရပုံကို မိဘထံ ဖုန်းဆက်ပြောခဲ့သည်။ အလုပ်ပေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်မှ အခေါ်ခံရကာ မန္တလေးတွင် စစ်တပ်ထဲ သွင်းခဲ့ကြောင်းနှင့် ထိုမှတဆင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးတွင် စစ်သင်တန်းတက်ခဲ့ရကြောင်း ပြောပြခဲ့သေးသည်။

“စာမေးပွဲမဖြေဘဲနဲ့ မိဘနေမကောင်းလို့ သူအလုပ်ထွက်လုပ်ရင်းနဲ့ အလုပ်လုပ်ရာကနေ စစ်သားစုဆောင်းရေး တယောက်က ခေါ်သွားတာပါ။ မန္တလေးကို ခေါ်သွားတယ်တဲ့။ လစာကောင်းကောင်းရမယ်၊ အလုပ်ပေးနိုင်တယ် ဆိုပြီးတော့ ခေါ်သွားတာပါ။ ခေါ်သွားပြီးတဲ့အချိန်မှာ ဗိုလ်မှူးစိုင်းဇော်အိမ်မှာ သူ ၃ ရက် နေခဲ့ပါတယ်တဲ့” ဟု သားနှင့် ဖုန်းဆက်ခဲ့စဉ်က သိရှိရပုံကို ဦးအောင်နိုင်က မဇ္စျိမကို ပြောသည်။

ဒေါ်ညိညိုလွင်ကလည်း “သား ဒီထဲကို ဝင်ချင်လို့ မဟုတ်ဘူး အမေတဲ့။ သားက မပြေလည်လို့ အလုပ် လာလုပ်တာပါ အမေရယ်တဲ့။ သား စစ်ထဲဝင်မှန်း မသိဘူး၊ သားကို စစ်ထဲ ထည့်မှန်း မသိဘူး အမေတဲ့။ စစ်ထဲရောက်လာတဲ့ အခါမှ သား စစ်ထဲဝင်ရမှန်း သိတယ်တဲ့။ အဲဒီတော့မှ သား မဝင်လို့ရှိရင်လည်း ထိုးတယ်လို့ ပြောတယ်ပြောလို့ အဲဒါနဲ့ သား ဝင်လိုက်တာပါ အမေတဲ့။ အမေတို့နဲ့ပဲ ပြန်နေချင်ပါတယ်တဲ့” ဟု ဆိုုသည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင်မူ ၎င်းအနေနှင့် အသက်မပြည့်သဖြင့် တပ်မှ နုတ်ထွက်ခွင့်ပြုရန် ကိုယ်ရေးရာဇဝင် တင်ထားသဖြင့် တပ်အရာရှိများ လာစစ်ဆေးခဲ့ကြောင်းနှင့် တပ်သားစုခံရစဉ် အတူပါသွားသည့် ကျောင်းသားကဒ် အမည်၊ အဖ အမည်နှင့် မွေးသက္ကရာဇ်ကို ဓားဖြင့် ဖျက်ကာ ပြောင်းရေးခဲ့သည်ဟု သားဖြစ်သူက မိဘကို ပြောခဲ့သည်။ သူသည် မြန်မာသက္ကရာဇ် ပြာသိုလဆုတ် ရ ရက် ၁၃၅၆ ခုနှစ် (၁၉၉၅ ခုနှစ်) တွင် မွေးဖွားခဲ့ပြီး၊ ဝေါမြို့နယ် အထက ၁ ၌ ၁ဝ တန်း ကျောင်းသား ဖြစ်ခဲ့သည်။

မောင်အောင်ဇင်ထက် စစ်သားစုဆောင်းခံရပုံကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ထံ တိုင်ကြားမည်ဟု ပဲခူးအခြေစိုက် လမ်းပြကြယ်အဖွဲ့က ဆိုသည်။

“ကျနော်တို့က ဒီကနေ့ အားချင်းပဲ ဒီအကြောင်းအရာတွေ ရေးသားပြီးတော့ အီးမေးလ်ကနေတဆင့် ပို့ပါတယ်။ ILO အီးမေးလ်က ကျနော်တို့ဆီမှာ အဆင်သင့်ရှိတယ်လေ။ အင်တာနက်က ပို့တာ မြန်တယ်” ဟု လမ်းပြကြယ်မှ ဦးအေးမြင့်က မဇ္စျိမကို ပြောသည်။

ILO နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ ကလေးစစ်သားအရေး ကူညီဖြေရှင်းနေသည့် လမ်းပြကြယ်ထံ ယခုနှစ်အတွင်း ကလေးစစ်သားအရေး တိုင်ကြားမှု ၄ မှု ရှိထားပြီး၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုဖြင့် တိုင်ကြားသူများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် အသက် ၁၈ မပြည့်သူများကို စစ်မှုထမ်းခိုင်းပါက ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး၊ ၁၈ နှစ် ကျော်သော်လည်း မိမိဆန္ဒ၊ မိဘခွင့်ပြုချက်မပါဘဲ စစ်မှုထမ်းခိုင်းပါက အဓမ္မ စစ်မှုထမ်းခိုင်းခြင်း ဖြစ်သည်။

“ILO က လုပ်တာက မြန်မာပြည်မှာ ၂ ခုပဲ ရှိတယ်။ ကလေးစစ်သားရယ်၊ အဓမ္မလုပ်အားပေးရယ်။ ဒါပေမဲ့ ကလေးစစ်သားကျတော့ အသက် ၁၈ နှစ်မပြည့်ခင် ကလေးစစ်သားကျတော့ ILO က လုပ်ရတယ်။ ILO က လိုက်ပြီး ကူညီဆောင်ရွက်ပေးနိုင်တယ်ဆိုတာ ပြည်သူလူထုတွေက သိတယ်။ အသက်ပြည့်သွားတဲ့အခါ ကလေးစစ်သားနဲ့ မဆိုင်တော့ဘူး၊ ILO မလုပ်ပေးနိုင်တော့ဘူးလို့ သိတယ်” ဟု ဦးအေးမြင့်က မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ဒီလိုအသက်ပြည့်သွားပေမယ့် ကာယကံရှင်က သူ့ဆန္ဒမပါဘူး။ ကာယကံရှင်ရဲ့၊ လူငယ်ရဲ့ မိဘ ခွင့်ပြုချက် မပါဘူး။ မပါတဲ့ အခါမျိုးမှာ ဒါက လစာပေးပေမယ့်လည်း အဓမ္မ စစ်မှုထမ်းစေခြင်းပဲလေ။ ဖြစ်တဲ့အတွက် အဓမ္မလုပ်အားပေးထဲ ဝင်တယ်။ ဒီနေရာကို ILO ကူညီဆောင်ရွက်ပေးနိုင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ အသက်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းခြင်းမှ တားဆီးကာကွယ်ရန် ကော်မတီတရပ်ကို ၂ဝဝ၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၈ နှစ်အောက် ကလေးများ ဆန္ဒမပါဘဲ တပ်ထဲသွတ်သွင်းခံရလျှင် စစ်စည်းကမ်း ဥပဒေအရ အရေးယူမည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သော်လည်း စစ်သားစုဆောင်းမှုများ ဖြစ်ပေါ်ဆဲရှိသည်။

ထိုကော်မတီက ၂ဝဝ၂ မှ ၂ဝဝ၅ ခုနှစ်၊ ၅ နှစ်ကာလအတွင်း ကလေးစစ်သား ရ၉၂ ဦးကို မိဘရပ်ထံ ပြန်ပို့ခဲ့ပြီး၊ တာဝန်ရှိသူ ၄၃ ဦးကို အရေးယူခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ထုတ်ဖော်ရေးသားခဲ့ဖူးသည်။

မြန်မာစစ်တပ်အတွင်း ကလေးစစ်သား ၆ဝဝဝဝ ခန့်အထိ ရှိနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ၆ဝဝဝ ခန့် ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြီးခဲ့သည့်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မေးမြန်းခန်းတရပ်တွင် မဇ္စျိမကို ပြောဆိုခဲ့သည်။