တောင်သူလယ်သမားများဘဝ မြှင့်တင်ရန် တိုက်တွန်း

တောင်သူလယ်သမားများဘဝ မြှင့်တင်ရန် တိုက်တွန်း
by -
ဖနိဒါ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ သဝဏ်လွှာ၌ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရန် ရေ၊ မြေသယံဇာတများ အစွမ်းကုန် ဖော်ထုတ်အသုံးချ ...

ချင်းမိုင် (မဇ္စျိမ) ။        ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ သဝဏ်လွှာ၌ လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်ရန် ရေ၊ မြေသယံဇာတများ အစွမ်းကုန် ဖော်ထုတ်အသုံးချ၍ စိုက်ပျိုးမြေ တိုးချဲ့ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး နိုင်ငံတော်က အားပေး မြှင့်တင်နေသည်ဟု ဖော်ပြထားသည်။

စက်မှုလယ်ယာစနစ်ကို သီးနှံအရည်အသွေး တိုးတက်စေရန် စစ်အစိုးရက ပံ့ပိုးပေးနေသည်ဟု နိုင်ငံပိ်ုင် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။

ထို့ပြင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်ဖြစ်သော ပြည်သူ့ထံ လွှဲပြောင်းပေးမည်ဟု ယနေ့ထုတ် သတင်းစာ၌ ပြောဆိုထားသည်။ တောင်သူလယ်သမားထုကြီးများက ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့နှင့်အတူ နိုင်ငံတော်ကို ဝိုင်းဝန်းတည်ဆောက်ရန် တိုက်တွန်းထားသေးသည်။

သို့သော် တောင်သူလယ်သမားများ၏ ဘဝကို မြှင့်တင်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း  တောင်သူများအရေး ကူညီနေသော ကချင်ပြည်နယ် ဖားကန့်ဒေသမှ ဒေါ်ဘောက်ဂျာက မဇ္စျိမကို ပြောသည်။

“၄၉ နှစ်လုံးပဲ တောင်သူလယ်သမားတွေရဲ့ ဘဝက အနိမ့်ဆုံးအဆင့်မှာ ရောက်နေတုန်းပဲ။ .... တောင်သူ လယ်သမားဘဝဟာ အင်မတန် နိမ့်ကျပြီးတော့ မျှော်လင့်ရာမဲ့ ဖြစ်နေတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF အဖွဲ့ဝင်ဖြစ်သူ ဒေါ်ဘောက်ဂျာက ဆိုသည်။

ပါလီမန်ခေတ်ကတည်းက ကျင်းပလာခဲ့သည့် ဇန်နဝါရီလ ၁ ရက်၊ တောင်သူလယ်သမားနေ့အစား တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ရေးကောင်စီအမည်ဖြင့် တိုင်းပြည်အာဏာ ရယူခဲ့သည့် ၁၉၆၂ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

၁၉၆၄  မတ်လ ၂ဝ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေ  ထုတ်ပြန်ခဲ့ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) အပါအဝင် ပါတီသြဇာခံ သမဂ္ဂ္ဂများနှင့် နိုင်ငံရေး ပါတီများကို ဖျက်သိမ်းပစ်ခဲ့သည်။

တောင်သူလယ်သမားနေ့ဟု သတ်မှတ်ထားသော်လည်း တောင်သူလယ်သမားများ ပျော်ရွှင်မှုမရဘဲ အမှောင်ထဲ ဖုံးလွှမ်းနေဆဲဖြစ်ပြီး၊ လာမည့်နှစ်တွင် တောင်သူလယ်သမားများ အခွင့်အရေး အပြည့်ရရှိသော နှစ်ဖြစ်ပါစေဟု ဒေါ်ဘောက်ဂျာက သန္နိဋ္ဌာန်ချ ပြောဆိုသည်။

“တောင်သူတွေ စိတ်ဓာတ်မကျဖို့ ကျမတို့ရဲ့ လယ်ယာမြေ တည်တံ့ခိုင်မြဲဖို့ တောင်သူလယ်သမားနေ့ဆိုတာ ကမ္ဘာမှာ အထွတ်အထိပ်တခု ဖြစ်စေဖို့အတွက် ကျမတို့ ဘယ်တော့မှ အည့ံမခံ အရှုံးမပေးဘဲ ဆက်ပြီးတော့ ခွန်အားယူပြီး  ကြိုးစားသွားရအောင်လို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။

ထို့ပြင် တောင်သူလယ်သမားများ လယ်ယာမြေ လွတ်လပ်စွာ လုပ်ကိုင်ခွင့် လယ်သမား အခွင့်အရေးများ အပြည့်အဝ ရရှိရန်အတွက်  တောင်သူလယ်သမားသမဂ္ဂကို လွှတ်တော် အတွင်းအပြင်တွင် ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနှံ့ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်များတွင် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများက တောင်သူများ၏ လယ်ယာမြေ အတင်းအဓမ္မသိမ်းယူမှုများ ရှိနေသည်။ ယင်းကိစ္စတွင် ပါဝင်ကူညီသူများကို စစ်အစိုးရက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည်။

လက်ရှိ မကွေးတိုင်း အောင်လံမြို့နယ် ကျေးရွာအချို့မှ ယာမြေများကို အာဏာပိုင်များက အတင်းအဓမ္မ သိမ်းယူခဲ့သည်ကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ထံ စာရေးတိုင်ကြားခဲ့သူ ကိုဇော်ဋ္ဌေးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့သည်။

ILO က စစ်အစိုးရနှင့် စာချုပ်ချုပ်ဆိုရာ၌ အဓိကအားဖြင့် အတင်းအဓမ္မခိုင်းစေခြင်းနှင့် ကလေးစစ်သားအရေးကိုသာ လုပ်ဆောင်ပေးနေသဖြင့် တောင်သူလယ်သမားများအရေးကို ဦးစားပေးလုပ်ဆောင်ခြင်း မရှိဟု ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။

“တောင်သူလယ်သမားကိစ္စတွေပြောတယ်။ ခက်တာက ILO မှာက တောင်သူလယ်သမားရေးရာနဲ့ ပတ်သက်တဲ့ လယ်မြေ လက်ငုပ်ဆုံးရှုံးလို့ ယာမဲ့လယ်မဲ့ ဖြစ်ပြီးတော့ အလုပ်လက်မဲ့ ဖြစ်တာကို သူတို့ ILO က သဘောပေါက်ပုံ မရဘူး” ဟု သူက ဆိုသည်။