နာဂစ်ဒေသ ရေရရေး NLD ဦးစားပေးမည်

နာဂစ်ဒေသ ရေရရေး NLD ဦးစားပေးမည်
by -
သဲသဲ

နာဂစ်သင့် ဒေသတွင် နွေရာသီကာလ သောက်သုံးရေ ရရှိရေး ဦးစားပေးကူညီမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။ ...

နယူးဒေလီ (မဇ္စျိမ) ။      ။ နာဂစ်သင့် ဒေသတွင် နွေရာသီကာလ သောက်သုံးရေ ရရှိရေး ဦးစားပေးကူညီမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။

ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း နာဂစ်သင့်ဒေသများ၌ ရာသီဥတု ပူပြင်းကာ သောက်သုံးရေကန်များ ခန်းခြောက်နိုင်သဖြင့် အဝိစိ တွင်းတူးကာ ရေဖူလုံရေး ဦးစားပေးမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ် နွေကာလ ရေရှားပါးခဲ့သည့် ပဲခူးတိုင်း ဒေသအချို့ (ဓာတ်ပုံ - မဇ္စျိမ)“ဒီနှစ်မှာလည်းပဲ အခု ကျနော်တို့ဆီရောက်ရှိတဲ့ သတင်းတွေအရ နွေရာသီ ခေါင်ခေါင်တောင် မရောက်သေးဘူး သောက်သုံးရေ အခက်အခဲဖြစ်မယ့် အလားအလာတွေ တွေ့နေပါတယ်။ အဲဒါကို နာဂစ်လွန်ဒေသက တချို့ ကျေးရွာတွေမှာ အဝီစိတွင်းတွေ တူးပြီး လှူဒါန်းနေတာ ရှိပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

လူဦးရေ တထောင်ခန့်ရှိ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းရွာ၌ မိုးရေလှောင် သောက်ရေကန် ၃ ကန် ရှိသော်လည်း လာမည့်နွေအတွက် မဖူလုံနိုင်သဖြင့် ရွာဘုန်းကြီးကျောင်းတွင် NLD က အဝီစိတွင်း တူးနေပြီ ဖြစ်သည်။ သောက်သုံးရေ လှောင်ရန် အမိုးပါသည့် ကန်အပါအဝင် ရေစုပ်စက်ပါ တပ်ဆင်ပေးမည် ဖြစ်သဖြင့် ကျပ်သိန်း ၃ဝ ခန့် ကုန်ကျနိုင်သည်ဟု NLD ခန့်မှန်းသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်လည်း စက်ရေတွင်းတူးရန် စီစဉ်ထားသည်။ ထို့ပြင်  ဧရာဝတီနှင့် ပဲခူးတိုင်းရှိ ရွာအချို့က ရေတွင်းရေကန်များ တူးဖော်ပေးရန် အကူအညီတောင်းထားကြောင်းနှင့် ပံ့ပိုးကူညီမှုများ ရရှိပါက တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဟု ဦးအုန်းကြိုင်က ပြောသည်။

၂၀၁၀ ခုနှစ် နွေကာလ ရေရှားပါးခဲ့သည့် ပဲခူးတိုင်း ဒေသအချို့ (ဓာတ်ပုံ - မဇ္စျိမ)“နောက်ထပ်ကတော့ အလှုှူရှင်တွေရဲ့ ကူညီမှုရတာနဲ့ ထပ်ပြီး တူးမှာခင်ဗျ။ ဒေးဒရဲဘက် နာဂစ်ဖြစ်တဲ့ နေရာတွေက ရေတွင်းရေကန်တွေ လုပ်ပေးဖို့ အခု အကူအညီတောင်းလာတာတော့ အများကြီးပဲ’’ ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီတိုင်း ဘိုကလေးနှင့် မော်ကျွန်းမြို့နယ်တွင် သောက်သုံးရေအတွက် စက်ရေတွင်း ၄ တွင်း NLD က လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် စံချိန်တင် ပူပြင်းခဲ့သဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်း၊ ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ ဒေသအများအပြား ရေတွင်းရေကန်များ ရေခန်းခြောက်သဖြင့် သောက်သုံးရေ ရှားပါးမှု ရင်ဆိုင်ခဲ့ရပြီး ဒေသခံများက အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေကိုသာ အားကိုးခဲ့ရသည်။

မြစ်ဝကျွန်းပေါ်ဒေသခံ ၁ သိန်း ၈ သောင်းခန့် သုံးရေနှင့် သောက်ရေသန့် ရှားပါးခဲ့ရကာ၊ တသိန်းခန့်မှာ နေအိမ်များ ပြန်ဆောက်ရန် လိုအပ်နေသေးကြောင်း ရန်ကုန် ကုလသမဂ္ဂရုံးက ၂ဝ၁ဝ မေလထဲတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

နာဂစ်ဒေသသာမက ပဲခူးတိုင်းမှ ရွာ ၆ဝ ကျော်၌ပါ သောက်သုံးရေ ရှားပါးမှု ဆိုးရွားစွာ ကြံုခဲ့သေးသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တဝှန်း ဖြစ်ပေါ်နေသည့် သောက်သုံးရေ ပြဿနာနှင့် ပတ်သက်၍ NLD လူမှုအထောက်အကူပြုအဖွဲ့ အပါအဝင် ရေအလှူရှင်များအနေဖြင့် ရေတိုရေရှည် စီမံကိန်းချပြီး လုပ်ဆောင်သွားရန် နေအိမ်တွင် အထိန်းသိမ်းခံနေရစဉ် တိုက်တွန်းခဲ့သေးသည်။

စက်ရေတွင်း တူးဖော်ခြင်း၊ ရေစုပ်စက် လှူဒါန်းခြင်းနှင့် ရေတွင်းတူးခြင်းများအတွက် NLD က ပြီးခဲ့သည့်နှစ်ထဲတွင် ကျပ်သိန်းပေါင်း ၁၄ဝဝ ထက်မနည်း အကုန်အကျခံခဲ့သည်။

၂ဝ၁ဝ တွင် အပူပြင်းကာ ရေပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လူသေဆုံးမှုအထိ ဖြစ်ခဲ့ပြီး၊ ရှမ်းပြည်နယ် အင်းလေးကန်တွင် ရေခန်းခြောက်ခဲ့ရသည်။