အကြွေးများစွာ တင်ရှိရာက ၃ နှစ်ခွဲအရွယ် သမီးငယ်ကိုသတ်ပြီး မိသားစုလိုက် ပိုးသတ်ဆေးသောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ အကြွေးများစွာ တင်ရှိရာက ၃ နှစ်ခွဲအရွယ် သမီးငယ်ကိုသတ်ပြီး မိသားစုလိုက် ပိုးသတ်ဆေးသောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။
စျေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းနေ ဦးတီပွား (၃၉ နှစ်) နှင့် ဇနီး ဒေါ်ကေခိုင်ဝင်း (ခ) မီးငယ် (၃၇ နှစ်) သည် ဘောလုံး၊ ၂ လုံးထီ၊ ၃ လုံးထီများ ဒိုင်ကိုင်ရာမှ အနည်းဆုံး ကျပ်သိန်း ၃ဝဝဝ ကျော် အကြွေးတင်သဖြင့် ၃ နှစ်ခွဲအရွယ် သမီး မပွန်းပြည့်စုံနှင့်အတူ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
“မသေခင် အရင်တနေ့မနက် ကြွေးရှင်တွေက စာချုပ်လာချုပ်ခိုင်းတယ်လေ။ အဲဒါ သူတို့ မဖြေရှင်းတတ်တော့လို့ လုပ်သွားတဲ့ ပုံစံမျိုးပေါ့။ သူတို့သမီးလေးကိုလည်း လူ့လောကအလယ်မှာ မျက်နှာငယ်မှာကို မခံနိုင်လို့ တခါတည်းပဲ ခေါ်သွားတယ်ဆိုပြီး လင်မယားနှစ်ယောက်က လက်မှတ်ထိုးပြီး စာရေးချန်ခဲ့တယ်” ဟု သေဆုံးသူ မိသားစု၏ မိတ်ဆွေတဦးက မဇ္စျိမကို ပြောသည်။
ဦးတီပွားမှာ ကြို့ပင်ကောက်စျေးတွင် အဓိပတိ ရွှေဆိုင်နှင့် ရွှေပန်းတိမ်ဆိုင်ကိုပါ ပိုင်ဆိုင်ခဲ့သည်။
“သူတို့အိမ်မျက်နှာချင်းဆိုင်မှာနေတဲ့ မီးငယ်ရဲ့အမေက သူမြေးလေးကို ဆီထမင်းကြွေးဖို့ဆိုပြီး အိမ်ထဲဝင်သွားတော့၊ မီးငယ်က ကုတင်ပေါ်မှာ စောင်တွေ၊ ခြင်ထောင်တွေနဲ့ လုံးရစ်နေပြီး ကိုတီပွားကတော့ ပါးစပ်က အမြှုပ်တွေ အန်နေတဲ့ ပုံနဲ့ ရေအိုးစင်ဘက်ကို သွားနေတဲ့ ပုံနဲ့ သေနေတယ်။ သမီးလေးကတော့ ကုတင်အောက်မှာ နှုတ်ခမ်းတွေပြာပြီး ဆုံးနေတာကို တွေ့တာ” ဟု အိမ်နီးချင်းတဦးက မဇ္ဈိမသို့ ပြောသည်။
အလောင်းများအနီး စားပွဲပေါ်ရှိ စာအုပ်တွင် ဦးတီပွားနှင့် ဒေါ်ကေခိုင်ဝင်း လက်မှတ်ထိုးထားသည့် စာတစောင်နှင့် ပိုးသတ်ဆေးပြားများ စာရွက်ထဲထည့်၍ အမှုန့်ကြိတ်ထားသည်ကို စားပွဲပေါ်တွင် တွေ့ရပြီး စီဒီစက်ဖြင့် တရားခွေ ဖွင့်ထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောပြသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မဇ္စျိမက မြို့နယ်ရဲစခန်းသို့ မေးမြန်းခဲ့ရာ တာဝန်ကျရဲက ဖြေဆိုရန် ငြင်းဆိုသည်။ ကလေးသတ်မှုကြောင့် မိဘနှစ်ဦး၏ ရုပ်အလောင်းများအား ရဲက လက်ထိပ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ရုပ်အလောင်းများအား သဂြိင်္ုဟ်ရန် ဗုဒ္ဓဟူးနေ့တွင် သုသာန်သို့ ပို့ဆောင်ရာ မြို့ခံ ၂ဝဝ ခန့် လိုက်ပါပို့ဆောင်ခဲ့ပြီး သေဆုံးမှုမှာ နီးစပ်ရာမြို့များအထိသို့ပါ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
“ဒီဖြစ်ရပ်က ကျမတို့မြို့တခုလုံး ထိတ်လန့်သွားပါတယ်။ မြို့ပေါ်မှာ တကယ့်ကို မမေ့နိုင်တဲ့ ဖြစ်ရပ်တခုပေါ့နော်။ သူ့သမီးလေးဆို မူကြိုကျောင်း တက်နေတုန်း ရှိသေးတယ်။ အရမ်းချစ်စရာကောင်းတယ်။ မနေ့က မီးသင်္ဂြိုဟ်ဖို့ လိုက်ပို့တော့ ကျမ သူတို့မိသားစု ၃ ယောက် အလောင်းကို ကြည့်ပြီး ရင်ထဲက ဆို့လာပြီး မျက်ရည်တောင် ကျတယ်” ဟု ဒေသခံအမျိုးသမီးက မဇ္ဈိမသို့ ပြောပြသည်။
ယင်းဖြစ်ရပ်မျိုး ကြို့ပင်ကောက်တွင် ၂ဝ၁ဝ ခုနှစ်ထဲ၌ ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ ဇူလိုင်လတွင် ကျောင်းဆရာမ တဦး ၂ လုံးထီ ထိုးရာမှ အကြွေးမဆပ်နိုင်သဖြင့် ပိုးသတ်ဆေးသုံးစွဲ၍ အဆုံးစီရင်ခဲ့သေးသည်ဟု မြို့ခံ စိုက်ပျိုးရေး ဝန်ထမ်းတဦး အဆိုအရ သိရသည်။
ဗုဒ္ဓဟူးနေ့မှစ၍ မြို့ပေါ်ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနနှင့် ရဲ ပူးပေါင်း၍ စိစစ်ရောင်းချမှုများ ပြုလုပ်လာသည်။
“ဒီကြို့ပင်ကောက်မြို့မှာ ၂ လုံးထီ၊ ၃ လုံးထီတွေက လုံးဝ ထိန်းချုပ်လို့မရဘူး ဖြစ်နေတယ်။ အာဏာပိုင်တွေက... သူတို့ဘက်ကသာ ပြတ်ပြတ်သားသား အရေးယူရင် ဒီလောက်အခြေအနေ ဆိုးလာမှာ မဟုတ်ဘူး။ ဒီမှာက လူ ၁ဝ ယောက်မှာ ၈ ယောက်နှုန်းလောက် ကစားကြတယ်။ တရားဝင်လို ဖြစ်နေတယ်” ဟု မြို့ခံတဦးက မဇ္စျိမကို ပြောသည်။
ကြို့ပင်ကောက်တွင် အဆိုပါ လောင်းကစား ဒိုင်များသည် စစ်ထောက်လှမ်းရေး စရဖ၊ ရဲနှင့် မြို့နယ်အာဏာပိုင်များသို့ပါ လာဘ်ပေး၍ လုပ်ကိုင်နေကြသည်ဟု မြို့ခံအများက စွပ်စွဲကြသည်။ လောင်းကစားခြင်းမှာ တရားမဝင်ဖြစ်သော်လည်း နိုင်ငံအဝှမ်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြသည်။