စည်းရုံးခြင်း မဟုတ်၊ ဧည့်ခံခြင်းဟု ဦးခင်ရွှေ ငြင်းဆို

စည်းရုံးခြင်း မဟုတ်၊ ဧည့်ခံခြင်းဟု ဦးခင်ရွှေ ငြင်းဆို
by -
ကိုဝိုင်း

လွှတ်တော်အမတ်များကို ယခုလ ၁၄ ရက်နေ့ ညတွင် နေပြည်တော်၌ ဧည့်ခံပွဲ လုပ်ပေးခြင်းသည် စည်းရုံးရေးသဘော မဟုတ်ကြောင်း ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ငြင်းဆို ...

ချင်းမိုင် (မဇ္စျိမ) ။        ။ လွှတ်တော်အမတ်များကို ယခုလ ၁၄ ရက်နေ့ ညတွင် နေပြည်တော်၌ ဧည့်ခံပွဲ လုပ်ပေးခြင်းသည် စည်းရုံးရေး သဘော မဟုတ်ကြောင်း ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ငြင်းဆိုသည်။

ယခုအပတ် တနင်္လာနေ့ ချစ်သူများနေ့တွင် နေပြည်တော် Mount Pleasant ကြယ်ငါးပွင့်အဆင့် ဟိုတယ်၌ တိုင်းရင်းသားပါတီများ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ အမတ်ပေါင်း ၆ဝ ကျော်ကို ဖိတ်ကြားပြီး ကျွေးမွေးခြင်းသည် စည်းရုံးနေခြင်း ဖြစ်သည်ဟု ဧည့်ခံပွဲတက်သူနှင့် မတက်သူ အမတ်အချို့က ပြောဆိုနေသည့်အပေါ် ငြင်းဆိုခြင်း ဖြစ်သည်။

“စည်းရုံးရေးစကားလည်း တခွန်းမှ မပြောပါဘူး။ ဒီမှာ တယောက်နဲ့ တယောက် ဧည့်ခံမယ့် လူက မရှိကြဘူး။ ကိုယ့်တိုင်းရင်းသားတွေပဲလေ။ သူတို့အချင်းချင်းလည်း သိကြတဲ့လူတွေ မဟုတ်ဘူး။ သူ့နယ်ကိုယ့်နယ်တွေက လာကြတာကိုး။ နိုင်ငံတော်အတွက် အတူတူလုပ်ကြရမယ့် လူတွေ အနေအထားနဲ့ စေတနာလေး ထည့်ပေးလိုက်တာ” ဟု ဦးခင်ရွှေက မဇ္စျိမကို ပြောသည်။

ပွဲတက်ခဲ့သူ အမတ်တဦးက “သူကတော့ အကူအညီရှိရင် တောင်းပါ။ အကူအညီ ပေးချင်တယ်ပေါ့။ ကြွားတဲ့ ပုံစံမျိုးပါပဲ။ စည်းရုံးတာပေါ့ဗျာ။ သူလိုချင်တာ တခုရှိလို့ ရေလောင်းနေတာ။ အဲဒီလိုမြင်တာပဲ” ဟု မဇ္စျိမကို ပြောသည်။

ပွဲတက်ခဲ့သူ အခြားအမတ်တဦးကလည်း “သူကတော့ အလယ်မှာ ထိုင်ပြီး ကျန်တဲ့သူက စားပွဲဝိုင်းထားပြီး မိတ်ဆက်ကြတာကို သူက တခုစီ လိုက်ပြောတာပေါ့။ ပြီးတော့ Announcer လုပ်ပေးတာက NDF ပါတီက ဒေါက်တာမြဉာဏစိုး” ဟု ပြောသည်။

အမတ်များ၏ အဆောင်မှ ဧည့်ခံပွဲပြုလုပ်သည့် Mount Pleasant ဟိုတယ်သို့ မိနစ် ၃ဝ ခန့် သွားရပြီး၊ “အဲယားဘတ်စ်” နှစ်စီးဖြင့် ကြိုပို့ပေးကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူ အမတ်တဦးထံမှ မေးမြန်းသိရှိရသည်။

နေပြည်တော်ရောက် တိုင်းရင်းသားပါတီ ၉ ပါတီမှ အမတ် ၁ဝဝ ကျော် ရှိသော်လည်း တက်ရောက်သူ ၆ဝ ကျော်သာရှိပြီး၊ NDF ပါတီမှ အမတ်အချို့နှင့် ကချင်ပြည်နယ်ဘက်မှ တစည အမတ်တချို့ တက်ရောက်သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမတ်များ မပါဝင်ကြောင်း သတိထားမိသည်ဟု အမတ်တဦးကလည်း ပြောသည်။

ည ၉ နာရီခွဲခန့်တွင် ပြီးသွားသည့် ယင်းဧည့်ခံပွဲ၌ “အကောင်းစား” ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ဖြင့် ဧည့်ခံပြီး၊ ကာရာအိုကေလည်းပါကြောင်း သိရသည်။ “ကြိုက်တာသောက်ပေါ့။ နောက်တခါ သူဖိတ် ပါဦးမယ်တဲ့ သည့်ပြင်လူတွေလည်း ခေါ်လာပါတဲ့” ဟု အမတ်တဦးက ပြောသည်။

ဇေကမ္ဘာဦးခင်ရွှေက “ကျနော် သူတို့ဆီက ယူစရာ ဘာမှမရှိဘူးလို့။ အကူအညီတောင်းရင်သာ ပေးစရာပဲ ရှိတယ်။ ကျနော်က အများကြီး ရှေ့ရောက်နေတဲ့ လူပဲ။ တိုင်းရင်းသားချင်း စာနာတာကြောင့် ကျနော် လုပ်ပေးလိုက်တာ။ တကယ့်ကို Mount Pleasant မှာ။ အမြင်ကတော့ အမျိုးမျိုး ရှိတာပေါ့ဗျာ၊ အကောင်းမြင် အဆိုးမြင်” ဟု ပြောသည်။

ထို့ပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရန်ကုန်တိုင်း တတိုင်းလုံးကိုလည်း ဧည့်ခံပြီးသွားပြီဖြစ်ကာ၊ “ဝါသနာ” အရ ရောက်သည့် နေရာတွင် ဧည့်ခံကြောင်းနှင့် ၁၄ နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ ကာလတွင်လည်း တောက်လျှောက် ဧည့်ခံခဲ့ကြောင်း သူက ပြောဆိုသည်။

ဦးခင်ရွှေသည် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့ နယ် ၃ ခု ပါရှိသည့် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၉ မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဖြစ်သည်။