ကြံ့ခိုင်ရေးပါတီအမတ် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း အပါအဝင် ကြံ့ဖွံ့ ထိပ်တန်း ခေါင်းဆောင်များသည် လွှတ်တော်ထဲသို့ တန်းစီ၍ ဝင်လာလေ့ရှိကြောင်း လွှတ်တော် အမတ်တဦးက ပြော ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ကြံ့ခိုင်ရေးပါတီအမတ် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း အပါအဝင် ကြံ့ဖွံ့ ထိပ်တန်း ခေါင်းဆောင်များသည် လွှတ်တော်ထဲသို့ တန်းစီ၍ ဝင်လာလေ့ရှိကြောင်း လွှတ်တော် အမတ်တဦးက ပြောသည်။
“သူများတွေ အားလုံး ထိုင်ပြီးတဲ့အချိန်မှာ နာယက မဝင်ခင်မှာ ၅ မိနစ် အလိုမှာပဲ ဘဲလ်တီးတယ်ဗျာ။ ဘဲလ်တီးတဲ့ အချိန်မှာ သူတို့ဝင်လာတယ်။ သူတို့က နာယကရဲ့ ရှေ့လေးမှာ တန်းစီပြီး ဝင်လာတာ။ ဝင်လာတဲ့အခါမှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်။ အဲဒါပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ။ ဦးအောင်သောင်းတို့လည်း တခါတခါ အဲဒီလို ဝင်လာတယ်။ ဝင်လာပြီးတော့မှ စပါတော့မယ်ဆိုတဲ့ အချိန်မှာ နာယက ဝင်လာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးယုံကြည်မှုကို ရရှိသည်ဟု လူပြောများသော မန္တလေးတိုင်း တောင်သာမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းသည် ယနေ့အထိ မည်သည့်နေရာမျှ မပါသေးသဖြင့် အမတ်များ စိတ်ဝင်စားနေသည်။
နောက်ထပ် အမတ်တဦးက “သူက ပျက်ကွက်မရှိဘူးလေ။ သူမှ မဟုတ်ပါဘူး။ ဦးဋ္ဌေးဦး (ဗိုလ်ချုပ်ဟောင်း) တို့၊ ဦးသိန်းဇော် (ဗိုလ်မှူးချုပ်ဟောင်း) တို့ ကျန်သေးတယ်။ တခါတခါ သူတို့က အတွင်းထဲမှာ ကြိုရောက်ပြီး ကျန်တဲ့လူတွေ တတန်းချင်းကို လိုက်နှုတ်ဆက်တယ်။ မနေ့ကဆို ဦးဋ္ဌေးဦးက တတန်းချင်း လိုက်ပြီး စကားပြောတယ်” ဟု ဆိုသည်။
“ဦးအောင်သောင်းက လာပြီဆိုရင် သူ့ကို လူတယောက်က တွဲတွဲလာတယ်။ အဘ ကြွကြွ ဆိုတဲ့ ဟာမျိုးပေါ့နော်။ မိန်းလမ်းအတိုင်း သူလာပြီဆိုရင် တတန်းချင်း တတန်းချင်း လမ်းဘေးနားလေးက ကြံ့ခိုင်ရေးက လူတွေက ထပြီး ခေါင်းညိတ်ပြကြတယ်။ သူတို့က အဘပဲ ခေါ်တယ်” ဟု သူက ဆက်ပြောသည်။
ဦးဋ္ဌေးဦးသည် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ကာ၊ လက်ရှိ စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်မှာ စစ်အစိုးရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဖြစ်သည်။