ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်၌ အစည်းအဝေး တက်နေသည့် လွှတ်တော်အမတ်များကို ပြည်ထောင်စုနေ့တွင် ဧည့်ခံပွဲနှင့် ညစာစားပွဲတို့ဖြင့် တည်ခင်း ဧည့်ခံပေးမည် ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်၌ အစည်းအဝေး တက်နေသည့် လွှတ်တော်အမတ်များကို ပြည်ထောင်စုနေ့တွင် ဧည့်ခံပွဲနှင့် ညစာစားပွဲတို့ဖြင့် တည်ခင်း ဧည့်ခံပေးမည်ဟု အမတ်များထံမှ သိရသည်။
နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ယခုလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အခမ်းအနားကို မနက် ရ နာရီတွင်လည်းကောင်း၊ ဧည့်ခံပွဲနှင့် ညစာစားပွဲကို ည ၆ နာရီခွဲတွင်လည်းကောင်း ကျင်းပမည်ဟု အခမ်းအနား ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီက ဖိတ်စာများ ဖြန့်ဝေထားခြင်း ဖြစ်သည်။
“နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် နေပြည်တော် မြို့တော်ခန်းမရင်ပြင်၌ ကျင်းပပြုလုပ်မည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲသို့ ကြွရောက်ပါရန် ဖိတ်ကြားပါသည်တဲ့” ဟု လွှတ်တော်အမတ်တဦးက မဇ္စျိမကို ပြောသည်။
ပြည်ထောင်စုနေ့ အခမ်းအနားအတွက် “မေတ္တာရပ်ခံချက်” ၃ ချက်၊ ဧည့်ခံပွဲနှင့် ညစာစားပွဲအတွက် သတ်မှတ်ချက် ၉ ချက်ဖြင့် ဖိတ်ကြားထားသည်။
မနက် အခမ်းအနားတွင် ရွေးချယ်ခံအမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တက်စဉ် ဝတ်ဆင်သကဲ့သို့သာ ဝတ်ဆင်၍ ဖိတ်စာနှင့်တကွ မနက် ၆ နာရီ ၁၅ မိနစ်တွင် နေရာယူ တက်ရောက်ရမည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် ဖိတ်ကြားသည့် ဧည့်ခံပွဲနှင့် ညစာစားပွဲသို့ အမျိုးသားဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်မည်ဆိုပါက အမျိုးသားများက ကော်လံမပါသော မြန်မာရှပ်အကျီင်္အဖြူနှင့် တိုက်ပုံအနက် ဝတ်ဆင်၍ ခေါင်းပေါင်းပေါင်းရန် သတ်မှတ်ထားပြီး တောင်ရှည်ပုဆိုးကိုမူ ဝတ်ဆင်ရန် မလိုဟု ဖော်ပြထားကြောင်း အခြားအမတ်တဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသည် ပြည်ထောင်စုနေ့ အခမ်းအနားသို့ သဝဏ်လွှာသာ ပေးပို့ဖွယ်ရှိသည်ဟု အမတ်တဦးက သုံးသပ်သည်။ “မနက်ပိုင်းတော့ သဝဏ်လွှာလောက်ပဲ ပို့ပြီးတော့ ညပိုင်းလောက်ပဲ လာမယ်ထင်တယ်။ ဗိုလ်ချုပ်မှူးကြီးက လိုက်နှုတ်ဆက်မယ်လို့ ထင်ပါတယ်” ဟု သူက ပြောသည်။
ညစာစားပွဲသို့ သတ်မှတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကဒ်ပြား ချိတ်ဆွဲပြီး ဖိတ်စာနှင့်တကွ တက်ရောက်ရမည့် အမတ်များအနေဖြင့် ပြည်ထောင်စုနေ့ ရင်ထိုးတံဆိပ်အား “လက်ဝဲရင်ဘတ်ပေါ်တွင် တပ်ဆင်ပါရန်” လည်း သတ်မှတ်ပေးထားသည်။
ညစာစားပွဲသို့ “မပျက်မကွက်” တက်ရောက်ရမည် ဖြစ်သော်လည်း မလွဲမရှောင်သာ ကိစ္စပေါ်ပေါက်၍ မတက်ရောက်နိုင်ပါက တရက်ကြိုတင် အကြောင်းကြားရမည်။
ညနေ ရ နာရီ ထက်နောက်မကျစေဘဲ ညစာစားပွဲသို့ နေပြည်တော် မြို့တော်ခန်းမ အမှတ် ၃ ဂိတ်မှဝင်၍ အခမ်းအနား ပြီးဆုံးပါကလည်း ယင်းဂိတ်မှပင် ပြန်လည်ထွက်ခွါရန်လည်း သတ်မှတ်ချက်များအတွင်း ပါရှိသည်။
နေပြည်တော် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ရန် သက်ဆိုင်ရာ ရိုးရာဝတ်စုံများသာ ယူဆောင်လာသဖြင့် တိုင်းရင်းသား အမတ်တချို့မှာ တိုက်ပုံအကျီင်္များကို အမြန်သွားဝယ်နေကြသည်ဟု စုံစမ်းသိရှိရသည်။
သို့သော် တိုင်းရင်းသား အမတ်တဦးကမူ “အမျိုးသားဝတ်စုံ ဝတ်ဆင်ပါက ဆိုတော့ သည့်ပြင်ဟာ ဝတ်လို့လည်း ရတဲ့ သဘောပေါ့။ အမျိုးသားဝတ်စုံ ဝတ်ဆင်ရင်တော့ တိုက်ပုံအနက်နဲ့ပေါ့ဗျာ။ ကျနော်တို့ တိုင်းရင်းသား ဝတ်စုံက တိုင်းရင်းသားဝတ်စုံပါပဲ။ မနက် အခမ်းအနားလည်း တိုင်းရင်းသား ဝတ်စုံပါပဲ” ဟု မဇ္စျိမကို ပြောသည်။
တိုက်ပုံစျေးနှုန်းသည် ပျဉ်းမနားမြို့တွင် ကျပ် ၆၀၀၀ ခန့်၊ နေပြည်တော်တွင် ကျပ် ၈ဝဝဝ ခန့် ရှိနေသည်။
ပြည်ထောင်စုနေ့ မနက်ပိုင်းတွင် အာရှ၊ အာဖရိကနှင့် သြစတြေးလျ စသည့် ပြကွက် ၃ မျိုးရှိ နေပြည်တော် ဆာဖာရီ တိရစ္ဆာန်ကို ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ဖွင့်လှစ်ပေးဖွယ်ရှိကြောင်း သတင်းများ ပေါ်ထွက်နေသည်။