စစ်အစိုးရ ကျင်းပနေသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးနှင့် တက်လာမည့် အစိုးရ ခေါင်းဆောင်များကို စိတ်မဝင်စားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း၊ ...
ချင်းမိုင်(မဇ္စျိမ)။ ။ စစ်အစိုးရ ကျင်းပနေသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးနှင့် တက်လာမည့် အစိုးရ ခေါင်းဆောင်များကို စိတ်မဝင်စားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း၊ ရဲဝန်ထမ်းနှင့် နိုင်ငံရေးသမားများက ပြောသည်။
နအဖ စစ်အစိုးရက စနစ်တကျ အကွက်ချ စီမံကာ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူခြင်း ဖြစ်သလို တက်လာမည့် အစိုးရကလည်း စစ်တပ်ခေါင်းဆောင်များသာ ဖြစ်နိုင်သဖြင့် ထူးထူးခြားခြားမပြောင်းလဲနိုင်၍ စိတ်ဝင်စားမှု မရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။
“ကျနော် စိတ်မဝင်စားဘူးဗျ။ ဒါက စနစ်တကျလုပ်ပြီးတော့ သွားနေတဲ့ ကိစ္စလေ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စနစ်တကျနဲ့ သွားနေတာဆိုတော့ ဒီအတိုင်းဘဲ ဖြစ်လာမှာပါ။ ဖောင်ဒေးရှင်း ပေါ်မှာဘဲ ဆက်သွားနေကြတာကိုး။ ကျနော့မှာ ပြင်းထန်တဲ့ ခံစားချက်တော့ ရှိတာပေါ့” အသက် ၅ဝကျော် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။
သူသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင်နှစ်ခါကျခဲ့ဖူးပြီး ၁ဝ တန်းကျောင်းသားများကို ကျူရှင်သင်လျက် ရှိသည်။
ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရာ၌ ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ဦးသိန်းစိန်က အသာစီးရထားသဖြင့် လွှတ်တော် ၂ ရပ်နှင့် အစိုးရ အဖွဲ့အစည်းများတွင်လည်း ကြံ့ဖွံ့များသာ ရွေးချယ်ခံရဖွယ်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းပြောဆိုနေကြသည်။
သို့သော် စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်းကြောင့် တက်လာမည့် သမ္မတလောင်းအရေး၊ လွှတ်တော် အစည်းအဝေးများကို စိတ်ဝင်စားမှု မရှိကြောင်း ဧရာဝတီတိုင်း ဘိုကလေးမြို့မှ ရဲတပ်ဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။
“ဘာမှ စိတ်ဝင်စားမှု မရှိတော့ဘူး။ ဒီလို လွှတ်တော်လုပ်နေတာနဲ့ ပတ်သက်လို့ ကျနော်တို့ မြို့မှာ ကျနော် အပါအဝင် အများစုက တီဗီလာရင်တောင် နားထောင်ရမှာ အလေးအနက် မရှိဘူး။ တီဗီလာရင် ပိတ်လိုက်တာဘဲ။ ကျနော်တို့မြို့က နာဂစ်ရဲ့ဒဏ်တွေလဲ ခံရတယ်။ ဖွံ့ဖြိုးမှုလဲမရှိဘူး။ ဆုတ်ယုတ်တာဘဲ ရှိတယ်။ မြို့သူမြို့သားတွေက နာလန်ထူနိုင်ရုံ အဆင့်တောင် မရှိသေးဘူး။ ဝမ်းဝဖို့နဲ့ လူတကိုယ်စာအတွက် ရုန်းကန်နေရတော့ ရွေးကောက်ပွဲလောက်တောင် စိတ်မဝင်စားဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာလျှင်လည်း မည်သည့် မျှော်လင့်ချက်မှ မရှိဟု လက်ရှိ စျေးရောင်းနေသော အသက် ၃ဝ ကျော် ထိုရဲဝန်ထမ်းဟောင်းက ဆိုသည်။
“တချိန်လုံးဒီလိုဘဲ သွားနေတော့ ဒီအလေ့အကျင့်အတိုင်းဘဲ သွားမှာပါ။ လွှတ်တော်ထဲမှာလဲ ဘယ်သူ့မှ ညှိနှိုင်းမှာ မဟုတ်ဘူး။ သူတို့လုပ်တဲ့ ကိစ္စမှန်သမျှ အရာခပ်သိမ်း အားလုံးကောင်းပါတယ်ဘဲ သွားမှာပါ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီဥက္ကဌ ဦးအေးလွင်က မဇ္စျိမကို ပြောသည်။
မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်တင်အောင်ကတော့ “သူတို့က စစ်တပ်ကလာတယ်ဆိုတော့ နိုင်ငံရေး အတွေ့အကြံုက မရှိကြဘူးလေ။ စစ်ရေးအတွေ့အကြံုတွေတော့ ရှိမှာပေါ့။ ”ဟု ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အတွင်းရေးမှူး ဒေါ်သန်းဝင်းကတော့ “နည်းနည်းတော့ ပြောင်းလဲမှု ရှိမှာဘဲ။ စစ်ကောင်စီနဲ့ လွှတ်တော်နဲ့ အားပြိုင်မှုတွေ ရှိလာမှာပါ။ အပြောင်းအလဲကြီးဖြစ်မှာ မဟုတ်ဘူး။ စီးပွားရေးကဏ္ဍဆိုရင်လဲ သူတို့ လုပ်ပိုင်ခွင့်တွေ ပေးပြီးသားဘဲလေ။ နိုင်ငံတကာက စီးပွားရေးက ယုံကြည်မှု အတိုင်းအတာတခုရှိမှ ဝင်လာမှာပေါ့။ နိုင်ငံရေးကတော့ ဒေါ်စုပြောသလိုဘဲ ပေါ်လာမယ့် အစိုးရနဲ့ ပြန်ဆွေးနွေးဖို့ သူကြိုးစားပါလိမ့်မယ်”ဟု မဇ္စျိမကို ပြောသည်။
လားရှိုးအခြေစိုက် ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးလုပ်ပေါင်းကတော့ စစ်တပ်သည် အစကတည်းက စနစ်တကျ ကြိုတင်ပြင်ဆင်ထားသဖြင့် တက်လာမည့် အစိုးရလက်ထက်တွင် အပြောင်းအလဲ ဖြစ်လာမည်ကို မမျှော်လင့်ကြောင်း ဆိုသည်။