KIO နှင့် KNO သဘောထားပြန်ညှိပြီး

KIO နှင့် KNO သဘောထားပြန်ညှိပြီး
by -
ဖနိဒါ

ကချင် အမျိုးသားအခွင့်အရေး ရရှိရေးအတွက် ပြည်တွင်းမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ပအခြေစိုက် KNO အဖွဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ ...

ချင်းမိုင်(မဇ္စျိမ) ။         ။ ကချင် အမျိုးသားအခွင့်အရေး ရရှိရေးအတွက် ပြည်တွင်းမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ပအခြေစိုက် KNO အဖွဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

KIO နှင့် KNO အဖွဲ့ သဘောတူ စာချုပ်၁၂ နှစ်ကြာ နိုင်ငံရေးလှုပ်ရှားမှုများတွင် အပြိုင်အဆိုင် သဘော လုပ်ဆောင်မှုများ ရှိခဲ့ပြီး ကချင်လူထုအကြား မတူညီသည့် သဘောကွဲလွဲမှုများ မရှိစေရန် ထိပ်ပိုင်းခေါင်းဆောင်များ ယခုလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် တွေ့ဆုံကာ သဘောတူ လက်မှတ်ထိုးရကြောင်း ဒုဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်းက ပြောသည်။

“အရင်ကတော့ မတူညီတဲ့အချို့အပိုင်းတွေ ရှိတယ်ခင်ဗျ၊ နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးလုပ်တဲ့ အနေအထားမျိုး ဖြစ်လို့ရှိရင်  မတူညီတဲ့ သဘောမျိုးလို သူများအမြင်မှာ မရှင်းသလိုဖြစ်ခဲ့တာတွေ ရှိတယ်။ ဒီလိုမဖြစ်အောင် အမျိုးသားအရေးမှာ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ သဘောထား ပြန်ညှိနှုုိင်းတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

KIO အနေဖြင့်် လက်လှမ်းမမီနိုင်သည့် လုပ်ငန်းများကို KNO က နိုင်ငံရေးအရ နိုင်ငံတကာနှင့် ဆက်သွယ်နိုင်ရေးအတွက် တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာသဖြင့် ပြန်လည် နားလည်မှု ယူခြင်းဟု ဆိုသည်။

လက်တွေ့ မည်သည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်မချရသေးသော်လည်း တခြားတိုင်းရင်းသားနှင့် ဒီမိုကရေစီလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းကာ မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုသဘောတူညီမှု စာချွန်လွှာ Memorandum of Understanding- MOU တွင် အမျိုးသားရေးကို အတူလက်တွဲ ဆောင်ရွက်သွားရန်၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးအတွက် နိုင်ငံရေး ဖြေရှင်းသွားရန်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားများ ပါဝင်သည့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး ကြိုးပမ်းသွားရန် သဘောတူခဲ့ကြသည်။

KNO ကို ကချင်လူထု လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး စသည့် ရည်ရွယ်ချက်များနှင့် ၁၉၉၉  ဇန်နဝါရီ ၉ ရက်တွင်  ကချင် ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဓိကအားဖြင့် စစ်အစိုးရ ပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြမှုများ၊ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း ဆန့်ကျင်ရေးများကို နိုင်ငံတကာရောက် ကေအန်အိုအဖွဲ့များ ဦးဆောင်လှုပ်ရှားကြသည်။  

KNO က ကချင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးမူကို ချမှတ်၍ အခြား ဒီမိုကရေစီ လိုလားသူများနှင့် တခြားတိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရေး နိုင်ငံတကာနှင့် ဆွေးနွေးတင်ပြသည်ဟု KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော်က ပြောသည်။

“ကချင်အမျိုးသား လူထုအားလုံးကိုယ်စားပြုပြီးတော့ စစ်အစိုးရအောက်မှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာသိအောင် တင်ပြတယ်။ ဒုက္ခဖြစ်နေတဲ့ အခြေအနေကနေ လွှတ်မြောက်ဖို့ ဆိုတာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို မြန်မာပြည်မှာ လုပ်နိုင်မှ အေးချမ်းနိုင်မယ်ဆိုတာတွေ အဓိက တင်ပြပြောဆိုတာပါ”ဟု ပြောသည်။

နိုင်ငံတကာရောက်ရှိနေသော ကချင်ဒုက္ခသည်များ၏ အခြေအနေ အခက်အခဲများကို စောင့်ကြည့်နေပြီး အကယ်၍ ဒုက္ခရောက်နေသူ ကချင်ဒုက္ခသည်များအတွက် KNO က UNHCR ကို စာရေးအကြောင်းကြားကာ ကူညီ ဖြေရှင်းပေးခဲ့သည်။ မနှစ် ဇွန်လက မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းမှ  ရိုးမေးနီးယားနိုင်ငံ ရောက်ရှိသွားသော ကချင်ဒုက္ခသည် ၃၈ ဦးအရေးကိုလည်း ဖြေရှင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်များ ပေါ်ထွက်ခဲ့သည်။

အမျိုးသားရေးကို ပူးပေါင်းဆောင်ရွက်သွားရန် ကေအိုင်အို ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂေါင်ရီ ဇော်ဆိုင်း၊ ဗဟိုကော်မတီအဖွဲ့ဝင် ဦးလဖိုင်လနှင့် ကေအန်အို နာယက ဦးဟိုဝါလဂျာ၊ ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာ လထော် နော်လောန်တို့ ၆ ဦး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မလုပ်သည့်အတွက် ယခင် ၁၉၉၄ မတိုင်မီ ကာလသို့ ရောက်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ကေအိုင်အိုကို “သောင်းကျန်းသူများအဖွဲ့”ဟု စွတ်စွဲ ပြောဆိုခဲ့သည်။

အမေရိကန်၊ ဂျပန်၊ သြစတေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် KNO အဖွဲ့များ ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့ရာ ယနေ့ထိ ထူးခြားသည့် အခြေအနေ မရှိသေးပေ။

၁၉၆၁  ဖေဖော်ဝါရီ ၅ တွင် ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေး ရရှိရန် ကချင်ကျောင်းသား ဇော်တူးနှင့် ဇော်ဆိုင်း တို့ ဦးဆောင်ကာ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။

လာမည့်  နှစ် ၅ဝ ပြည့် ကချင်တော်လှန်ရေးနေ့ကို ဇင်းမယ်တွင် ကျင်းပသွားမည် ဖြစ်သည်။  အခြား နိုင်ငံအသီးသီးတွင်လည်း နှစ်စဉ် ကျင်းပခဲ့ကြသည်။

Most read this week