ကျောင်းကားခကို နှစ်ဆ တိုးမြှင့်လိုက်သဖြင့် တက္ကသိုလ် ကျောင်းသား ၈ဝဝ ခန့် ယနေ့မနက်တွင် လမ်းလျှောက်ဆန္ဒပြမှု ကလေးမြို့တွင် ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက လိုက်လျောမှု ပြု ...
ဘန်ကောက် (မဇ္စျိမ) ။ ။ ကျောင်းကားခကို နှစ်ဆ တိုးမြှင့်လိုက်သဖြင့် တက္ကသိုလ် ကျောင်းသား ၈ဝဝ ခန့် ယနေ့မနက်တွင် လမ်းလျှောက်ဆန္ဒပြမှု ကလေးမြို့တွင် ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက လိုက်လျောမှု ပြုလိုက်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာတက္ကသိုလ်များနှင့် ကလေးမြို့တွင်းသို့ ပြေးဆွဲနေသော ကျောင်းကားများတွင် ကားခကို ပုံမှန် ၁ဝဝ ကျပ် ကောက်ခံနေခဲ့ရာမှ ယခုလ ၁ ရက်နေ့မှစ၍ ကျပ် ၂ဝဝ အထိ တိုးမြှင့်ခဲ့ခြင်းကြောင့် ပြန်လည်လျှော့ချရန် ဆန္ဒပြကြခြင်းဖြစ်ကြောင်း မဇ္ဈိမသို့ ဆက်သွယ်လာသော ဆန္ဒပြကျောင်းသားများက ပြောသည်။
သီးခြား ဒေသခံများကလည်း ဆန္ဒပြမှု ဖြစ်ပွားခြင်းကို တယ်လီဖုန်းမှတဆင့် အတည်ပြု ပြောကြားသည်။
မနက် ရ နာရီခွဲခန့်တွင် လူစည်ကားရာ လမ်းဆုံလမ်းခွဖြစ်သည့် တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဘူတာကွေ့၌ ကျောင်းသားများ စတင်စုရုံးပြီး တက္ကသိုလ်ကြိုပို့ ကျောင်းကားအားလုံးကို ရပ်တန့်တားဆီးကာ ဗိုလ်ချုပ်လမ်းမအတိုင်း ပင်လုံရပ်ကွက်ကိုဖြတ်၍ အောင်သစ္စာရပ်ကွက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။
ဒကစ ရှေ့တွင် အဝါရောင်နှင့် အနီရောင် သတိပေးတားမြစ်သည့် မျဉ်းများ တားထားသဖြင့် ကျောင်းသားများသည် အဝါရောင်မျဉ်း၌ ရပ်တန့်နေခဲ့ပြီး ကားခကို ယခင်နှုန်းထားအတိုင်း ပြန်လည်သတ်မှတ်ရန်၊ ကားအစီးရေ တိုးမြှင့်ပြီး အချိန်မှန် ပြေးဆွဲပေးရန်နှင့် ကျောင်းကားတွင် ကုန်စည်များတင်ဆောင်ခြင်း တားမြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။
တပ်နယ်မှူး ဒုဗိုလ်မှူးကြီး အောင်ရင်ဦး ဦးဆောင်သော အဖွဲ့က လက်ခံဆွေးနွေးပြီး နှစ်ဖက်သဘောတူခဲ့ကာ သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက်၍ လူစုခွဲလိုက်ကြသည်။
ဆန္ဒပြရာတွင် ပါဝင်သော ကျောင်းသားများကို အရေးယူမှု မပြုရန် အာဏာပိုင်များနှင့် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့များက အများရှေ့မှောက်တွင် ကတိပြုကြသည်ဟု ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။
ကားခလျှော့ပေါ့ပေးရန် တောင်းဆိုမှုကို ကလေးတက္ကသိုလ် ကျောင်းသားများက ယခုလ ၁ဝ ရက်နေ့ကတည်းက လက်မှတ်ကောက်ခံခဲ့ရာ ကျောင်းသား ၅ဝဝ ကျော် လက်မှတ်ရေးထိုးခဲ့သေးသည်။
ကလေးမြို့နယ် သာယာဝတီရွာရှိ နည်းပညာတက္ကသိုလ်တွင် ကျောင်းသား ၁ဝဝဝ ကျော်၊ ကျီကုန်းရွာရှိ ကွန်ပြူတာ တက္ကသိုလ်တွင် ကျောင်းသား ၂ဝဝ ကျော်၊ ချင်းပြည်နယ် ခိုင်ကမ်းရွာအနီးရှိ ကလေးတက္ကသိုလ်တွင် ကျောင်းသား ၄ဝဝဝ ကျော် တက်ရောက်လျက် ရှိသည်။