ပြည်တွင်း သတင်းထောက်များအတွက် ရည်ရွယ်ကာ မြန်မာ့စာနယ်ဇင်း ၅ ဆုကို စာရေးဆရာ ၃ ဦး ပါဝင်သည့် ၅ ဦးပါ စီစဉ်သူများက ရန်ကုန်တွင် ယခုလ ၃၁ ရက်နေ့၌ ချီးမြှင့်မည် ...
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်တွင်း သတင်းထောက်များအတွက် ရည်ရွယ်ကာ မြန်မာ့စာနယ်ဇင်း ၅ ဆုကို စာရေးဆရာ ၃ ဦး ပါဝင်သည့် ၅ ဦးပါ စီစဉ်သူများက ရန်ကုန်တွင် ယခုလ ၃၁ ရက်နေ့၌ ချီးမြှင့်မည်ဟု ၎င်းတို့အဆိုအရ သိရသည်။
သတင်းဂျာနယ်များ၌ တနှစ်တာ ဖော်ပြခဲ့သည့် သတင်း၊ အထွေထွေ သတင်းဆောင်းပါး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းဆောင်းပါး၊ သတင်းဓာတ်ပုံနှင့် ကာတွန်းဆုဟူ၍ ၅ ဆု သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ သီရိရိပ်သာ၌ ချီးမြှင့်သွားမည်ဟု သိရခြင်း ဖြစ်သည်။
“၁ဝ နှစ်တာ ကာလအတွင်း သတင်းဂျာနယ်တွေ ထွန်းကားလာတာနဲ့အမျှ သတင်းသမား လူငယ်တွေ များလာတယ်။ ကြိုးလည်း ကြိုးစားကြတယ်၊ အားလည်း ထုတ်ကြတယ်။ သူတို့တွေကို ဘယ်လိုအားပေးမလဲလို့ စဉ်းစားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တိုင်ပင်ခဲ့ရာက ခုမှ အကောင်အထည် ဖြစ်ခဲ့တာပါ” ဟု ဦးဆောင်သူတဦးဖြစ်သူ ဒီဇိုင်နာ ဦးစိုးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။ တဆုလျှင် ၅ မူးသား ရွှေပြားတခုစီပါ ချီးမြှင့်မည်ဟု ဆိုသည်။
သူက ဆက်ပြီး “တချို့လူငယ်တွေက သူတို့ရတဲ့ အခကြေးငွေနဲ့က လုပ်ရတာနဲ့က တော်တော် ကွာဟနေတယ်။ အဲဒီအခြေအနေမှာ တချို့က စိတ်ဓာတ်ကျသွားတာ ရှိတယ်။ တချို့ကလည်း ဒူပေဒါပေခံပြီး ကျန်ခဲ့တာတွေလည်း ရှိတယ်။ ဒီအခြေအနေမှာ သူတို့ကို အသိအမှတ်ပြုတဲ့ သဘောပါ” ဟု ပြောသည်။
စီစဉ်သူများမှာ စာရေးဆရာများဖြစ်သည့် ကျော်ရင်မြင့်၊ ရဲနိုင်မိုး၊ ညီပုလေး၊ ကာတွန်း အော်ပီကျယ်နှင့် စိုးဝင်းငြိမ်းတို့ ဖြစ်သည်။ ကာတွန်းဆုကို ဆရာအော်ပီကျယ်က ရွေးချယ်ကာ သတင်းဓာတ်ပုံဆုကို ဦးစိုးဝင်းငြိမ်းနှင့် ကျန် ၃ ဆုကိုမူ စာရေးဆရာ ၃ ဦးက ရွေးချယ်သွားမည်။
“သတင်းကာတွန်း အစစ်ကတော့ ကျနော်တို့ဆီမှာ သိပ်ပြီး ရေးလို့ မရဘူးဗျ။ အဲဒီတော့ ကျနော်က လောလောဆယ် သတင်းရင်ခုန်သံ ရှိတာပေါ့။ ဒီကာတွန်းဖတ်ပြီး ပြည်သူတွေ ရင်ထဲမှာ ပီတိဖြစ်တယ်လို့ ကြားတာလေးတွေ ရှိတယ်။ တနှစ်လုံး ကာတွန်း ဘယ်လောက် ဆွဲနိုင်ခဲ့လဲ၊ ပြည်သူ့ရင်ခုန်သံနဲ့ ဘယ်လောက် နီးစပ်သလဲ ဆိုတာတွေ ကြည့်ပြီး ရွေးချယ်ခဲ့တာပါ” ဟု ဆရာအော်ပီကျယ်က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ချီးမြှင့်သော အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုအပြင် အခြား ပုဂ္ဂလိက မီဒီယာများကလည်း သုတ ရသ စာပေဆုများကို နှစ်စဉ် ချီးမြှင့်နေသော်လည်း သတင်းသမားများအတွက်မူ ယခုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“သတင်းထောက်တွေအတွက် လုပ်သင့်တယ်လေ။ ဒီလိုမျိုး ဦးဆောင်ပြီး လုပ်မယ့်သူ မရှိတဲ့အချိန်မှာ ကိုရဲနိုင်မိုးတို့ ထလုပ်တာ အရမ်းမိုက်တယ်။ သတင်းထောက်တွေ အားလုံးကလည်း စိတ်ဝင်စားကြတယ်လေ။ တဖြည်းဖြည်း သတင်းထောက် အင်အားစုတခု ရလာနိုင်တယ်” ဟု ရန်ကုန်ရှိ ဂျာနယ်သတင်းထောက် တဦးက ပြောဆိုသည်။