အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော

အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော
by -
ဖနိဒါ

ပြည်ထောင်စု စိတ်ဓာတ်မှာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ရန်ကုန် အန်အယ်ဒီရုံးချုပ်၌ လူငယ် ၁ဝဝ ကျော်ကို ယနေ့ ဟောပြော ...

ချင်းမိုင် (မဇ္စျိမ) ။      ။ ပြည်ထောင်စု စိတ်ဓာတ်မှာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ရန်ကုန် အန်အယ်ဒီရုံးချုပ်၌ လူငယ် ၁ဝဝ ကျော်ကို ယနေ့ ဟောပြောခဲ့သည်။

ပြည်ထောင်စု (ပင်လုံ) စိတ်ဓာတ်အကြောင်းကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များနှင့် အတူ အန်အယ်ဒီ ခေါင်းဆောင်နှစ်ဦးက ဟောပြောရာ သုံးနာရီ ကြာမြင့်ခဲ့သည်။

“ဒီနေ့အခါမှာ ပင်လုံစိတ်ဓာတ်က အရင်က အင်္ဂလိပ်ရဲ့အောက်မှ လွတ်လပ်ဖို့၊ ဒီနေ့က အာဏာရှင် စစ်ကျွန်ဘဝကနေ လွတ်လပ်ဖို့။ ညီညွတ်မှသာလျှင် ပြည်တွင်းစစ်တွေကို တားဆီးနို်င်မယ်။ ပြည်ထောင်စု စိတ်ဓာတ်မှာ ဟိုတုန်းက လွတ်လပ်ရေး ရအောင်ယူမယ်၊ ပြည်ထောင်စု ဖွဲ့မယ်ဆိုတဲ့ စိတ်ဓာတ်။ ဒီနေ့အခါမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုတာ ရှိတယ်ဆိုတော့ ဒုတိယပင်လုံစိတ်ဓာတ်ကို ရှင်းပြတာပေါ့။ ” ဟု ဦးဝင်းတင်က မဇ္ဈိမသို့  ပြာသည်။

ဇိုမီးအမျိုးသားကွန်ကရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင်  အောက်တိုဘာလ ၂၄ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး အဆိုပြုခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်ကို လွှဲပြောင်းတာဝန်ပေးခဲ့သည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် စစ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေးတွင် ပင်လုံစိတ်ဓာတ် အရေးကြီးသဖြင့် လူငယ်များ သိရှိစေရန် ဟောပြောခဲ့ရာ၊ အန်အယ်ဒီ လူငယ်များသာမက နိုင်ငံရေးစိတ်ဝင်စားသူ ကျောင်းသားလူငယ်များပါ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ဘဘတို့ နှစ်ယောက်ရဲ့ Speech (မိန့်ခွန်း) ကို သေချာ ဂရုစိုက် နားထောင်ချင်လို့ လာတာပါ။ ကျနော်ကလည်း နိုင်ငံရေးအပိုင်းမှာ စိတ်အားထက်တန်တယ်လေ။ အဓိကတော့ ဖယ်ဒရယ် ပြည်ထောင်စု စိတ်ဓာတ် ဆိုတာပေါ့နော်။ ဖယ်ဒရယ်ဆိုတာက ပြည်ထောင်စု ခွဲထွက်ဖို့ မဟုတ်ဘူး။ တကယ့် ပြည်ထောင်စု စစ်စစ်ဆိုတဲ့ ဟာမျိုးတွေ ပြောတယ်” ဟု ဟောပြောပွဲတက်ရောက်သူ လူငယ်တဦးက ပြောသည်။

ဟောပြောပွဲ လာရောက်သူများက ရုံးချုပ်အနီး လက်ဖက်ရည်ဆိုင် ထိုင်စဉ် ရဲသတင်းတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ယူသည်များ ရှိခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားများ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အတူ ပြည်ထောင်စုထဲတွင် အတူတကွ နေထိုင်မည်ဟု ကတိကဝတ်ပြုသော စာချုပ်ကို ရေးထိုးခဲ့ရာက ပင်လုံစာချုပ်ဟု ခေါ်တွင်ခဲ့သည်။

Most read this week