မာနယ်ပလော ကျံုဒိုးနား တိုက်ပွဲများဖြစ်

မာနယ်ပလော ကျံုဒိုးနား တိုက်ပွဲများဖြစ်
by -
ကျော်ခ

ကရင်အမျိုးသား အစည်းအရုံး ပြောက်ကျား တပ်များနှင့် စစ်အစိုးရတပ်များ မနေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကေအင်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပြော ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကရင်အမျိုးသား အစည်းအရုံး ပြောက်ကျား တပ်များနှင့် စစ်အစိုးရတပ်များ မနေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကေအင်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပြောသည်။

ကေအင်ယူနယ်မြေ မာနယ်ပလောသို့ အင်အား ၂ဝဝ ကျော်ဖြင့် ချီတက်လာသော စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန ၁၉ လက်အောက်ခံ ခမရ ၁ဝ၆ နှင့် ၆၁ တပ်ရင်း ၂ ရင်းကို အင်အား ၂ဝ ကျော် ပါဝင်သည့် KNU တပ်မဟာ ရ လက်အောက်ခံ ၂ဝ၂ ပြောက်ကျားတပ်များက မနေ့ မနက် ရ နာရီက တိုက်ခိုက်ခဲ့သည်။

ပြောက်ကျားတပ်များက မောင်းပြန်ရိုင်ဖယ်များ၊ RPG၊ AK 47 နှင့် ဆွဲမိုင်းများ အသုံးပြု၍ ချံုခို တိုက်ခိုက်ခဲ့သဖြင့် စစ်အစိုးရတပ်မှ တပ်ကြပ်ကြီး တဦး၊ တပ်ခွဲမှူးတဦးနှင့် တပ်သား တဦး ကျဆုံးသွားပြီး တဦး ဒဏ်ရာ ရရှိသည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။

သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

တိုက်ပွဲဖြစ်သည့်နေရာသည် အစိုးရစစ်တပ်များတည်ရှိရာ မဲသဝေါနှင့် ကပ်နေပြီး မနေ့က KNU များ၏ ချံုခိုတိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးဘဲ ယင်းနေရာ၌ပင် စခန်းချနေသည်ဟု ဆိုသည်။

“စစ်တပ်က ဒီနယ်မြေကနေပြီး KNU ကို အပြီးမောင်းထုတ်ဖို့ ကြိုးစားနေတာပါ။ ကျနော်တို့ကလဲ ကိုယ်ရပ် တည် ရှင်သန်ရေးအတွက် အဲဒီကိစ္စအပေါ်မှာ လက်မခံနိုင်တော့ အပြန်အလှန်ရင်ဆိုင် တိုက်ကြတဲ့သဘောပါ” ဟု
KNU အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက မဇ္စျိမကိုပြောသည်။

ထို့အပြင် မနေ့က ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် လို့လဲ့ ဒေသ တွင်  ခမရ ၅၈၈၊ ၄ဝ၈ တို့နှင့် အပစ်ရပ်ပျက်ပြားသွားသော DKBA ဗိုလ်မှူး ဘငြိမ်း ဦးဆောင်သည့် ၉ဝ၂ တပ်ဖွဲ့များ ရင်ဆိုင်တိုက်ခဲ့ကြသည်ဟု ဒီကေဘီအေ ဆက်သွယ်ရေးဌာနမှ ဗိုလ်မှူး ချစ်စရာက မဇ္ဇျိမကိုပြောသည်။

၂ ဘက်လုံးတွင် သေဆုံး၊ ဒဏ်ရာရရှိသူမရှိသော်လည်း DKBA နှင့် KNU ကရင်တပ်များကို ချေမှုန်းရန် စစ်တပ်မှ ပြင်ဆင်နေသဖြင့်် တိုက်ပွဲများ ထပ်ဖြစ်လာဦးမည်ဟု သူကဆက်ပြောသည်။

နိုဝင်ဘာ ၈ ရက်မှစ၍ တလကျော်အကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ်မှ ဒေသခံ ၃ဝဝဝ ကျော် ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရာ့မြို့နယ်နှင့် အုန်းဖန်တို့တွင်  လာရောက် စစ်ဘေးခိုလှုံနေကြကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသည့် မယ်တော်ဆေးခန်းမှ သိရသည်။

“အခုဟာ ဒုက္ခသည်တွေက များလာတော့ ချက်ပြုတ်ကျွေးလို့မနိုင်တော့ဘူးလေ။ အဲဒါကြောင့် တပတ်တခါ ရိက္ခာခြောက်တွေကို လူဦးရေအလိုက် ကျနော်တို့က လိုက်ပြီး ဝေပေးနေတယ်လေ” ဟု ဒုက္ခသည်များကို အကူညီပေးရာတွင် ကွင်းဆင်းဆောင်ရွက်နေသည့် ကိုနေဦးက ပြောသည်။

ထိုင်းအာဏာပိုင်များထံ ခိုလှုံခွင့်တောင်းလျှင် စစ်ငြိမ်သွားချိန်တွင် ချက်ချင်းပြန်ပို့မည် စိုးသဖြင့်  ဒုက္ခသည်များ လယ်ထဲ ချောင်းနားတွင်  မိုးကာစများခင်း၍  ခိုလှုံနေကြရ၍ ရာသီဥတု အအေးဒဏ်ကိုခံနေရကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲနယ်မြေများတွင် မြန်မာစစ်အစိုးရက စစ်တပ်အင်အားများ တိုးချဲ့စေလွှတ်နေသဖြင့် နယ်စပ်တလျောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာနိုင်သောကြောင့်  မြန်မာဘက်က စစ်ပြေးဒုက္ခသည်တွေပြေးလာလျှင် စောင့်ရှောက်ကူညီနိုင်ဖို့အတွက် ယာယီရွက်ဖျင်တဲများ၊ အိမ်သာ၊ ရေချိုးခန်း၊ အစားအသောက်၊ သောက်ရေသန့်၊ ဆေးဝါးတို့ကို ပြင်ဆင်ထားဖို့ ထိုင်းနယ်စပ်တလျောက် မြို့ပိုင်တွေကို ညွန်ကြားထားကြောင်း တာ့ခရိုင် အုပ်ချုပ်ရေးမှူး နိုင်စမတ် လွိုင်ဖားက ဘီဘီစီ မြန်မာပိုင်းဌာနကို ပြောဆိုထားသည်။