မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်

မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
by -
အောင်မြတ်စိုး

မန္တလေး ဆင်ခြေဖုံးတွင် စိမ်းရောင်စိုအဖွဲ့က ယမန်နေ့က ပထမဆုံးကျင်းပသော ပတ်ဝန်းကျင် ဟောပြောပွဲသို့ လူ ၃ဝဝ ခန့် တက်ပြီး  ပရိသတ်များကို ထမင်းကျွေး ဧည့်ခံခဲ့ ...

ဘန်ကောက် (မဇ္ဈိမ) ။       ။ မန္တလေး ဆင်ခြေဖုံးတွင် စိမ်းရောင်စိုအဖွဲ့က ယမန်နေ့က ပထမဆုံးကျင်းပသော ပတ်ဝန်းကျင် ဟောပြောပွဲသို့ လူ ၃ဝဝ ခန့် တက်ပြီး  ပရိသတ်များကို ထမင်းကျွေး ဧည့်ခံခဲ့သည်ဟု သိရသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်မဟာအောင်မြေ မြို့နယ်ရှိ မစိုးရိမ် ကျောင်းတိုက်တွင် ကျင်းပသော “ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝ ဝန်းကျင်နှင့် ကျွနု်ပ်တို့၏ တာဝန်” ဆိုသော ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို မန္တလေး စာရေးဆရာများ ဦးဆောင်သော စိမ်းရောင်စိုအဖွဲ့က ကျင်းပသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရာသီဥတု အပြာင်းအလဲကို အဓိကထားဟောကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူက ကမ္ဘာကြီး၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် အိုဇုန်းလွှာ အကြောင်းများ ဟောသည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။

“အကျိုးအမြတ်ကတော့  အများကြီး ရလိုက်ပါတယ်။ ဟောပြောပွဲ တက်လာကြသူတွေမှာ စာရေးဆရာ တော်တော်များများ ပါဝင်ပါတယ်။ သူတို့ ့တတွေရော တက်ရောက်လာကြတဲ့သူတွေရော ရာသီဥတုဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိတွေ သိကြရပါတယ်” ဟု အခမ်းအနား တက်ရောက်သူ တဦးက မဇ္ဈိမသို့ ပောသည်။

စိမ်းရောင်စိုအဖွဲ့ကို ယခုနှစ်မေလ(၂၁)ရက်တွင် စာရေးဆရာများ၊ သစ်ပင်ချစ်သူများဖြင့် စတင် တည်ထောင်ခဲ့ပြီး သစ်ပင်စိုက်ပျိုးခဲ့သည်မှာ  (၁၈)ကြိမ်ရှိခဲ့ကာ အပင်ရေအားဖြင့် (၅,ဝဝဝ) ကျော်ကို မန္တလေးနှင့် အနီိးတဝိုက်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စိုက်ပျိုးပေးခဲ့သည်ဟု အဖွဲ့ဦးဆောင်သူတဦးက ပြောကြားသည်။

စိမ်းရောင်စို အဖွဲ့သားများထို့ပြင် မန္တလေးရေဘေး၊ ရခိုင်ပြည်နယ်လေဘေး ကူညီရေးနှင့် စာသင်ကျောင်းဆောင်များ ဆောက်လုပ်မှုတို့ကိုလည်း အဖွဲ့က ပြုလုပ်နေသည်။

မန္တလေးတွင် ယခုနှစ်မေလက အပူလှိုင်း ဖြတ်ခဲ့၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ သေဆုံးခဲ့ကြရသည်။ သို့အတွက် စိမ်းရောင်စို ပေါ်ပေါက်လာရသည်ဟု သူကဆိုသည်။

“လူတွေကို ပတ်ဝန်းကျင်ရာသီဥတု ပြောင်းလဲ လာ တာနဲ့အမျှ  ဖြစ်လာမယ့် သဘာဝ အသိပညာ ပေးချင်တာရယ် သိပြီးတော့ လိုက်ပါ ဆောင်ရွက်ချင်စိတ် ရှိလာအောင်ရယ် ရည်ရွယ်ပါတယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက မဇ္စျိမသို့ပြောသည်။

နောက်ထပ်လည်း ဟောပြောပွဲများ ဆက်လုပ်သွားမည်ဟု ကိုမောင်မောင်ဦးက ဆိုသည်။  ကုန်ကျစရိတ် အစုစုအတွက် မြို့ခံ ရပ်မိရပ်ဖများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည်။