လူ့အခွင့်အရေး လှုပ်ရှားသူ ရှမ်း အမျိုးသမီးလူငယ် တဦးကို ၂ဝ၁ဝ အတွက် ‘စဝ်သုစန္ဒီ’ ခေါင်းဆောင်မှုဆုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မနေ့က ချီးမြှင့်ခဲ့ကြ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လူ့အခွင့်အရေး လှုပ်ရှားသူ ရှမ်း အမျိုးသမီးလူငယ် တဦးကို ၂ဝ၁ဝ အတွက် ‘စဝ်သုစန္ဒီ’ ခေါင်းဆောင်မှုဆုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မနေ့က ချီးမြှင့်ခဲ့ကြသည်။
အသက် ၂၇နှစ် အရွယ် နန်းမွမ်းကိန် (Nang Moan Kaein) သည် ၂၀၀၂ ကတည်းက ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ယခု ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်စပ်တလျှောက်တွင် ပညာရေးလုပ်ငန်းများ ဦးစီးဆောင်ရွက်နေသည်။
ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်နှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းသည် မြန်မာစစ်တပ်မှ ၂ဝဝ၂ အတွင်း ရှမ်းအမျိုးသမီးများကို အဓမ္မပြုကျင့်မှုများအား မှတ်တမ်းတင်ထားသည့် ‘မုဒိမ်းကျင့်ခွင့် လိုင်စင်’ စာအုပ်ကို ပူးတွဲထုတ်ဝေခဲ့သည့် အဖွဲ့များ ဖြစ်သည်။
နန်းမွမ်းကိန်က “ဆုကို မတည်ပေးတဲ့ Burma Lifeline အဖွဲ့ကို ကျေးဇူးအထူးတင်ပါတယ်။ ကျမတို့ရဲ့ အလုပ်တွေကို ဂုဏ်ပြုလိုက်တာလို့ ခံစားရပါတယ်။ ပြီးတော့ ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်အဖွဲ့ရဲ့ အကူအညီတွေ မရှိရင်လဲ ခုလို ဖြစ်လာမှာ မဟုတ်လို့ ကွန်ယက် ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ဒီဆုကို ရှမ်း လူ့အဖွဲ့အစည်း ပိုမိုတိုးတက်လာစေမယ့် နေရာတွေမှာ အသုံးချသွားပါမယ်” ဟု ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
စဝ်သုစန္ဒီခေါင်းဆောင်မှု ဆုကို စတင်တည်ထောင်သူ သြစတြီးယားအမျိုးသမီး Inge Sergent ခေါ် စဝ်သုစန္ဒီ မှာ နောက်ဆုံးသီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ ဖြစ်သည်။
စဝ်သုစန္ဒီခေါင်းဆောင်မှုဆုကို ရှမ်းပြည်နယ်တွင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် ရပ်ရွာအကျိုး ဦးစီးဆောင်ရွက်နေကြသော လူငယ်များအတွက် ၂ဝဝ၈ က စတင်ပေးအပ်ခဲ့သည်။ Burma Lifeline လူမှှုရေးအဖွဲ့က ထိုဆုကို နှစ်စဉ်ပေးအပ်ခဲ့ပြီး ဆုငွေမှာ အမေရိကန် ဒေါ်လာ သုံးထောင် ဖြစ်သည်။
စဝ်ကြာဆိုင်သည် အမေရိကန်နိုင်ငံ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေရင်း Inge Sargent နှင့် ဖူးစာဆုံကာ ရှမ်းပြည်နယ်တွင် လက်ထပ်ထိမ်းမြားခဲ့ကြသည်။ သူတို့ဇနီးမောင်နှံသည် သီပေါနယ်သူ နယ်သားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ဘဝကိုမြှုပ်နှံကာ အကူအညီပေးခဲ့သဖြင့် လူသိများကာ ဒေသခံများက ချစ်ခင်လေးစားကြသည်။
သို့သော် ၁၉၆၂ ဗိုလ်ချုပ်ကြီး နေဝင်း စစ်အာဏာသိမ်းချိန်တွင် စဝ်ကြာဆိုင်တို့ လုပ်ငန်းများ ပျက်ပြားခဲ့ရသည့်အပြင် စဝ်ကြာဆိုင်လည်း တောင်ကြီးမြို့တွင် မြန်မာစစ်တပ် ဖမ်းဆီးခံရကာ သဲလွန်စ ရှာမရပဲ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့သည်။ စဝ်သုစန္ဒီ အကျယ်ချုပ်ချခံရပြီး နောက်ပိုင်း ကလေးနှစ်ယောက်နှင့်အတူ မြန်မာပြည်မှ ထွက်ခွာခဲ့ရသည်။
စဝ်သုစန္ဒီသည် သူ့ဘဝအကြောင်းကို “မြန်မာ့ဆည်းဆာ” (Twilight Over Burma: My Life as a Shan Princess) ဟု နာမည်ကျော် မှတ်တမ်းတင် စာအုပ် ရေးသားခဲ့သည်။ထိုစာအုပ်ကြောင့် သီပေါသို့ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စား လာရောက်ခဲ့ကြသည်။
ထို့ပြင် “နောက်ဆုံး မဟာဒေဝီ” အမည်ရ ၈၆ မိနစ်ကြာ မှတ်တမ်း ရုပ်ရှင်ကားကိုလည်း ဒါရိုက်တာ Karin Kaper နှင့် Dirk Szuszies တို့ ပူးတွဲ ရိုက်ကူးကာ ‘Joachim Puls and Bilderwerk Munchen’ ထုတ်လုပ်ရေးမှ အင်္ဂလိပ်၊ ဂျာမန် နှစ်ဘာသာဖြင့် ရိုက်ကူးခဲ့သည်။
ထိုရုပ်ရှင်တွင် စဝ်သုစန္ဒီဘဝကို သူမွေးဖွား ကြီးပြင်းခဲ့သည့် သြစတြီးယားနိုင်ငံ ငယ်စဉ်ဘဝမှ စကာ ကော်လိုရာဒိုတွင် စဝ်ကြာဆိုင်နှင့် ဆုံစည်းပုံ၊ ထို့နောက် ရှမ်းပြည်နယ်သို့လိုက်လာ၍ မြန်မာနိုင်ငံတွင် ၁၂နှစ်ခန့် နေထိုင်ခဲ့ပုံနှင့် နောက်ဆုံး ကော်လိုရာဒိုသို့ ပြန်သွားကာ Burma Lifeline အဖွဲ့ကို တည်ထောင်ခဲ့ပုံတို့ကို ရိုက်ကူး တင်ဆက်ထားသည်။
စဝ်သုစန္ဒီ တည်ထောင်ခဲ့သည့် Burma Lifeline အဖွဲ့ကို မြန်မာ့အရေးကို ကမ္ဘာမှ ပိုမို အာရုံ စိုက်လာစေရန်နှင့် မြန်မာ့ အိမ်နီးချင်း နိုင်ငံများတွင် ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ ကူညီရေးအတွက် ရန်ပုံငွေမြှင့်တင်ရန် ရည်ရွယ်၍ တည်ထောင်ထားသည်။