လူ့အခွင့်အရေးနေ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် NLD ဆွေးနွေး

လူ့အခွင့်အရေးနေ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် NLD ဆွေးနွေး
by -
ဖနိဒါ

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ၆၂ ကြိမ်မြောက် အထိမ်းအမှတ် ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ...

ချင်းမိုင်(မဇ္စျိမ)။      ။ ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ၆၂ ကြိမ်မြောက် အထိမ်းအမှတ် ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

NLD အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်။“အမြင်ကွဲတာတွေ ပေါင်းဖက် စစ်ပွဲတွေကို အဆုံးသတ် ငြိမ်းချမ်းရေးကို ဖော်ဆောင်”ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် ယနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များ၊ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်များ၊ ဗဟိုလူမှုအဖွဲ့ဝင်များ တက်ရောက်ရာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက အကျဉ်းသားအခက်အခဲများနှင့် အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကို တင်ပြခဲ့သည်ဟု ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ထူးခြားစွာ ထွက်လာတာက ထောင်ထဲမှာ  အကျဉ်းသားတွေရဲ့ မပြည့်စုံတဲ့ အခြေအနေတွေ၊ အကျဉ်းသားတွေကို ပံ့ပိုးကူညီမှု အများကြီး လိုနေသေးတာတွေ။ အိုင်စီအာစီက ခုနောက်ပိုင်း ထောင်ထဲမှာ ဝင်မစစ်နိုင်တော့ အကျဉ်းသားတွေ ခံစားရတာတွေ ပိုပြီးကြီးမားလာတယ်ဆိုတာ ပေါ်လွင်လာတယ်။ ဒီဆွေးနွေးပွဲမှာ ဖော်ပြလိုက်နိုင်တယ်ခင်ဗျ”ဟု သူကမဇ္စျိမကို ပြောသည်။

အကျဉ်းသားမိသားစုဝင် ၁၅ဝ ခန့် တက်ရောက်ခဲ့ပြီး အကျဉ်းသားများ၏ ကျန်းမာရေးချို့တဲ့မှုများကို စစ်အစိုးရ မဆောင်ရွက်ပေးမှုများ၊ ထောင်ဝင်စာတွေ့ရန် ထောက်ပံ့ကြေးမလုံလောက်ခြင်း၊ ခရီးဝေးလံမှုစသည့် အခက်အခဲများ ဆွေးနွေးတင်ပြခဲ့သည်ဟု အကျဉ်းကျ ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အားပေးစကားနှင့် ဥပဒေကြောင်းအရ အကျဉ်းသား ရပိုင်ခွင့်များကို ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းလင်းတင်ပြချက်၊ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးနိုင်းနိုင်း၏ အကျဉ်းသားမိသားစုများ ကူညီထောက်ပံ့မှုအကြောင်း တင်ပြချက်များက ခွန်အားဖြစ်စေကြောင်း ဒေါ်ညွန့်ညွန့်ဦးက ဆက်ပြောသည်။

“ဒေါ်စု ခေါ်တွေ့တယ်ဆိုကထဲက အားရှိစရာကောင်းပါတယ်။ ဒေါ်စုပြောတဲ့စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ဒေါ်စုကတော့ သူ့အနေနဲ့ အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ ကူညီမယ့်အကြောင်း၊ အခက်အခဲတွေကို ဥပဒေအရ အာဏာပိုင်တွေဆီ တင်ပြဖို့ NLD မှာ တိုင်ပင်ပြီး လုပ်သွားဖို့ ပြောပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားမိသားစုများ တင်ပြချက်များကို မှတ်တမ်းပြုစေပြီး အားပေးစကား ပြောကာ အကျဉ်းသား မိသားစုများအနေဖြင့် အကျဉ်းသား လက်စွဲ ဥပဒေစာအုပ်များဖတ်ပြီး ကိုယ့်ရပိုင်ခွင့်များကို ဥပဒေကြောင်းအရ စစ်အစိုးရထံ တောင်းဆိုရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မရှိခြင်း၊ အကျဉ်းသာ နိုင်ငံရေး အကျဉ်းသားတဦး၏ မိခင်က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းပေးနေသည်ကို တွေ့ရစဉ်။ရန်ကုန် အလုံမြို့နယ်ရုံးတွင်လည်း လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို အဖွဲ့ဝင်များနှင့် ပြည်သူ ၃ဝဝ ခန့် တက်ရောက်ကာ စာပေဟောပြောပွဲလုပ်ခဲ့သည်ဟု အကြမ်းမဖက် အမျိုးသားရေး လူငယ်လှုပ်ရှားမှု ဦးဆောင်သူ အလုံ NLD လူငယ် ကိုလူမော်လတ်က ပြောသည်။

“ကုလသမဂ္ဂရဲ့ နေ့ထူးနေ့မြတ်တွေနဲ့ ပတ်သက်တဲ့ စာရွက်တွေ၊ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းတွေ ဝေတယ်။ ပြည်သူတွေ လူ့အခွင့်အရေး နားလည်လာအောင် ကြိုးစားပြီး လူထုလုပ်ငန်းအနေနဲ့ လုပ်ခဲ့တာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ကဗျာဆရာ ဖျာပုံ နီလုံဦးက လူ့အခွင့်အရေးပါကြေညာစာတမ်းနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးအခြေအနေများ နှိုင်းယှဉ်ကာဟောပြောခဲ့ပြီးနောက် ကဗျာဆရာ သူရိဇံက လူ့အခွင့်အရေးနေ့အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေမှုများကို သူကိုယ်တိုင် ရေးစပ်ထားသည့်ကဗျာကို ရွတ်ခဲ့သည်ဟု သိရသည်။

အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ နယ်စပ်ဒေသများတွင် စစ်ပွဲကြောင့် ပြောင်းရွှေ့ခံနေရခြင်း၊ ကလေးစစ်သား အရေး၊ လယ်ယာမြေများ သိမ်းယူခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံမှုများနှင့် ကြံုတွေ့နေရသည်။

လက်ရှိ နိုင်ငံရေး အကျဉ်းသားများထဲမှ ၈၈ မျိုးဆက် တဦးဖြစ်သူ မနီလာသိန်း သရက်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေပြီးယခုလ ၆ ရက်က မိသားစု ထောင်ဝင်စာ သွားတွေ့သည်ကိုလည်း ပိတ်ခံထားရသည်။

၂ဝဝ၇  သြဂုတ် ၂၂ ရက်က လောင်စာဆီစျေးနှင့် ကုန်စျေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာမှ ခင်ပွန်းဖြစ်သူ ကိုဂျင်မီနှင့်အတူ စစ်အစိုးရက ဖမ်းဆီးကာ ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခဲ့သည်။

အလားတူ ယခုလ ၈ ရက်က နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့(CPJ) က ၁၉၉၆နောက်ပိုင်း  ၂၈ နိုင်ငံအနက် မြန်မာက သတင်းသမားများ အကျဉ်းချမှုတွင် စတုတ္ထ အဆိုးဆုံးနေရာတွင် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

၂ဝ၁ဝ အတွင်း တကမ္ဘာလုံးတွင် ဖမ်းဆီးခံရသူ သတင်းသမား ၁၄၅ဦးအနက် မြန်မာနိုင်ငံတွင် ၁၃ ဦး ရှိပြီး တရုတ်နှင့် အီရန်တို့က ၃၄ ဦးစီ ဖမ်းထားသဖြင့် တကမ္ဘာလုံး၏ ထက်ဝက်ခန့် ဖြစ်နေပြီး အဆိုးဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၄၈ ဒီဇင်ဘာ ၁ဝ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

Most read this week