မြေထိုးမြေညှိကား ၆ စီးနှင့် အခြား အထောက်အကူပြု ပစ္စည်းအချို့ကို အိန္ဒိယစစ်တပ် အကြီးအကဲများက မြန်မာ စစ်အစိုးရကို အိန္ဒိယ-မြန်မာ နယ်စပ် ...
နယူးဒေလီ (မဇ္စျိမ)။ ။ မြေထိုးမြေညှိကား ၆ စီးနှင့် အခြား အထောက်အကူပြု ပစ္စည်းအချို့ကို အိန္ဒိယစစ်တပ် အကြီးအကဲများက မြန်မာစစ်အစိုးရကို အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုရေးမြို့၌ ယမန်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်ကြောင်း ဒေသတွင်း သတင်းများ အဆိုအရ သိရသည်။
အာသံရိုင်ဖယ်တပ်မှ ဒုဗိုလ်ချုပ်ကြီး NK Singh က မြေထိုးကား ၄ စီး၊ မြေညှိစက် ၂ စီး၊ Mahindra Bolero ကားငယ်တစီး၊ ဆိုင်ကယ် ၃ စီး၊ ကွန်ပြူတာ ၃ လုံး၊ ၆ ကီလိုဗို့ မီးစက်တလုံး၊နှင့် လမ်းလျှောက်စကားပြောစက် ၆ ခုအား အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလွင်ထံ ပေးအပ်ခဲ့ကြောင်း ဒေသတွင်းထုတ် The Sangai Express တွင် ဖော်ပြထားသည်။
မိုးရေးမြို့ Sunrise လူငယ်ကလပ်၌ အခမ်းအနား ကျင်းပကာ ၎င်းအနီးရှိ ဘောလုံးကွင်းထဲတွင် ယာဉ်နှင့် ပစ္စည်းများ ထားရှိရာသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သူ ဒေသခံ ကိုပေါက ’’အိန္ဒိယဘက်က လမ်းတံတားအတွက် အသုံးပြုတဲ့ ယာဉ်တွေက များသောအားဖြင့် အဝါရောင်တွေ။ ဒါပေမဲ့ မနေ့က ပေးတဲ့ တွေကတော့ စစ်စိမ်းရောင်တွေ’’ ဟု မဇ္စျိမကို ပြောသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာ VS Seshadri နှင့်အတူ အာသံရိုင်ဖယ်တပ် ဒုဗိုလ်ချုပ်ကြီး DS Hooda ၊ စစ်ဖက်အရာကြီးများနှင့် မြန်မာဘက်မှ ဗိုလ်မှူးချုပ်စိုးလွင် ဦးဆောင်သော အဖွဲ့ တက်ရောက်ခဲ့သည်ဟုလည်း ဆိုထားသည်။
မြန်မာ့ကျေးလက် ဖွံ့ဖြိုးရေးနှင့် လမ်းတံတား ဆောက်လုပ်ရေး တိုးချဲ့လုပ်ကိုင်ရန် ကူညီခြင်းဖြစ်ကြောင်းနှင့် ဤသည်မှာ ၅ ကြိမ်မြောက်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်စိုးလွင်က ပြောဆိုခဲ့သလို၊ မစ္စတာ NK Singh ကလည်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုမြှင့်တင်ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ပြောဆိုခဲ့သည်ဟု The Sangai Express က ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ၀န်ကြီး ဒေါက်တာ တင့်ဆွေကမူ အိန္ဒိယအရှေ့မြောက်ရှိ ခွဲထွက်ရေးသူပုန်များကို နှိမ်းနှင်းရန် စစ်အစိုးရက အကူအညီတောင်းသဖြင့် ကူညီခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အိန္ဒိယက သူပုန်တွေကို တိုက်ထုတ်ဖို့ လိုချင်တာကိုး။ မြန်မာဘက်က ဒါတွေ တိုက်ထုတ်ဖို့ စစ်ရေးအကူအညီ လိုတယ်လို့ ပြောလေ့ရှိတဲ့အတွက် အိန္ဒိယက ဖြည့်ဆည်းပေးတဲ့ သဘောလောက်ပဲ။ ဒါပေမဲ့ များများစားစားတော့ ဟုတ်ပုံမရဘူး။ အဓိကက အရှေ့မြောက် ခွဲထွက်ရေး သူပုန်တွေကို နှိမ်နှင်းဖို့ စစ်သုံးယာဉ်တွေ၊ စစ်လက်နက်တွေ၊ လမ်းဖောက်လုပ်ရေး ဆောက်လုပ်ရေး ပစ္စည်းတွေ ကူညီနေရတာ” ဟု သူက ပြောသည်။
ယခုနှစ် ဇူလိုင်လထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အိန္ဒိယသမ္မတ ပရာတီဘာ ပတေးလ် Pratibha Patil ၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဂ် Manmohan Singh တို့ နယူးဒေလီ၌ တွေ့ဆုံအပြီး အိန္ဒိယ-မြန်မာနယ်စပ်ရှိ အိန္ဒိယ သူပုန်များနှင့် လက်နက်မှောင်ခိုလုပ်ငန်း နှိမ်နင်းရန်၊ ၂ နိုင်ငံအကြား နယ်စပ်လုံခြံုရေး ကိစ္စများအပြင် ကုန်သွယ်ရေး စာချုပ် ၅ ခုထက် မနည်းကို နှစ်နိုင်ငံ သဘောတူ လက်မှတ်ထိုးခဲ့သည်။
စာချုပ်အရ အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းခေါင်းစဉ်အောက်ရှိ ရထားလမ်းတိုးချဲ့ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၊ ချင်းပြည်နယ်နှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ လမ်းပန်းဆက်သွယ်ရေး သန်း ၆၀၊ လယ်ယာစိုက်ပျိုးရေး ၁၀ သန်းနှင့် မိုရေးမြို့မှ အထက်မြန်မာပြည် မြို့တော်မန္တလေးသို့ မိုက်ကရိုဝေ့ဖ် ဆက်ကြောင်းအတွက် ၆ သန်း ကူညီခဲ့သည်။