အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းရန် စစ်အစိုးရကို NLD တိုက်တွန်း

အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းရန် စစ်အစိုးရကို NLD တိုက်တွန်း
by -
မဇ္စျိမသတင်းဌာန

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ရန် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို ထပ်မံ တောင်းဆို ...

ချင်းမိုင်(မဇ္စျိမ)။      ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ရန် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို ထပ်မံ တောင်းဆိုလိုက်သည်။

အမျိုးသားနေ့ အောင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ မဇ္စျိမသတင်းဌာန)ရန်ကုန် NLD ရုံုးချုပ်တွင် ယနေ့ ကျင်းပသော နှစ် ၉ဝ ပြည့် အမျိုးသား အောင်ပွဲနေ့သို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ရာ ရ နှစ်ကျော်အတွင်း ပထမဆုံး ဆင်နွှဲခွင့်ရသော နေ့ထူးနေ့မြတ် အခမ်းအနား ဖြစ်သည်။

“ ဒီနိုင်ငံကို မှီတင်း နေထိုင်သူ အားလုံး ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တချက် ရှိပါတယ်၊ အားလုံးက ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားသွားသည်။

” ဒီလို ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ရာ ဘာတွေ လိုအပ်သလဲဆိုရင် လုံခြံုဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့က ကင်းဝေးဖို့ လိုအပ်တယ်။ အဲဒါတွေအားလုံးအတွက် ကျွန်မတို့ ကြိုးစားရမှာပါ။ အဲတော့ အမျိုးသားရေးဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ အရေး မဟုတ်ဘူး။ အားလုံးရဲ့အရေး၊ နိုင်ငံ့ ဝန်ထမ်းတွေလဲ ပါတယ်။ နိုင်ငံ့ ဝန်ထမ်းဆိုတာမှာ တပ်မတော်သားတွေလဲ ပါတယ်။ ပါတီ အဖွဲ့အစည်းတွေလဲ ပါတယ်၊ တဦးချင်း ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်တယ်” ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသားများ မပါဝင်ဘဲ စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်မည် မဟုတ်ဟုလည်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

“တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ကြိုးပမ်းရင် ထူးခြားတဲ့ အောင်ပွဲ မြန်မာနိုင်ငံ သမိုင်းမှာ ရစမြဲဘဲ ဖြစ်တဲ့အကြောင်း၊ အခု ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးပြေလည်ဖို့ လိုအပ်ဆုံးကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရဖို့ဘဲ ဖြစ်တယ် ”ဟု ဦးအုန်းကြိုင်က ပြောသည်။

သင့်လျော်သည့် နိုင်ငံရေး အခြေအနေတရပ်ရဖို့ တိုင်းပြည်မှာ လက်တွေ့ ဖြေရှင်းရန် ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ အပါအဝင် ရဟန်းတော်များ၊ ကျောင်းသား ခေါင်းဆောင်များ စသည့် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည်။

အခမ်းအနားတွင် ကဗျာဆရာ ကိုလေး(အင်းဝ ဂုဏ်ရည်)က စာပေနှင့် မျိုးချစ်စိတ်ဓာတ် ဆက်စပ်နေမှု၊ မျိုးချစ်စိတ်နှင့် အမျိုးသားအောင်ပွဲ ဆက်စပ်နေပုံများကို သူ့ဘဝ ကိုယ်တွေ့များဖြင့် ဟောပြောသွားသည်။

အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လာသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များပြည်နယ်နှင့် တိုင်း အသီးသီးမှ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်များ၊  CRPP အဖွဲ့ဝင် ဦးအေးသာအောင်၊ ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ဝါရင့်နိုင်ငံရေး သမားကြီး သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ နိုင်ထွန်းသိန်းတို့ အပါအဝင် အားလုံး ၂,ဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

အလားတူပင် သန်လျင် NLD အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုးဟန်အိမ်တွင်လည်း NLD လူငယ်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း ၁ဝဝ ခန့် သံချပ်ထိုးခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည်ဖြင့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပခဲ့ကြောင်း ဗမာနိုင်ငံ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု- ဗဒတ မှ အတွင်းရေးမှူး ကိုရန်နိုင်က ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမျိုးသားနေ့  သဝဏ်လွှာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှန်မှန်ကန်ကန် ကျင်းပပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

“ယခုအခါ နိုင်ငံတော်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းရေးအတွက် ကျန်ရှိနေသေးသော လုပ်ငန်းစဉ် နှစ်ရပ်ကို ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်”ဟု မိန့်ခွန်းတွင် ပါရှိသည်။

ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ရာမှ ထွက်ပေါ်လာသည့် အမျိုးသား အောင်ပွဲနေ့တွင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ မပါရှိဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ရ ရပ် အောင်မြင်ရေး အကောင်အထည်ဖော်ရန်သာ ဦးတည် ဖော်ပြထားသည်။

မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့၊ ခရစ်နှစ် ၁၉၂ဝ တွင်ု ဗြိတိသျှနယ်ချဲ့ လက်အောက်က မြန်မာပြည်သူများ တက္ကသိုလ်ပညာ သင်ကြားခွင့် မရစေသည့် ရန်ကုန်တက္ကသိုလ် အက် ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ် ကျောင်းသားကြီးများ  ပထမ တက္ကသိုလ် ကျောင်းသားသပိတ် စတင်ခဲ့သည့်နေ့ ဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ အနှစ်သာရအဖြစ် ကွဲပြားနေသော ဒီမိုကရေစီ အင်အားစုများ စည်းလုံးညီညွတ်ရေးကို ပထမဆုံး ပြုလုပ်ရန် မိတ္ထီလာခရိုင် အဖွဲ့ဝင်များက ထုတ်ပြန်ခဲ့သည်။

“ဒီကနေ့အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့အတူ  သူ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုနေချိန်ဖြစ်တော့ အစိုးရက ရွေးကောက်ပွဲကို ဘယ်လိုဘဲ ညစ်ညစ် ဘယ်သူ့ကိုဘဲ ရွေးရွေး လူထုက ဒေါ်စုကိုဘဲ ရွေးချယ်နေတာဘဲ။ ဒီအောင်ပွဲနဲ့အတူ ကိုယ်ကိုယ်တိုင် အင်အားရှိမှ စစ်တပ်နဲ့ ရင်ကြားစေ့ရေး လုပ်လို့ရမယ်”ဟု အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

မိတ္ထီလာခရိုင် အဖွဲ့ချုပ်ရုံး၌ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ မန္တလေး ပြည်ကြီးတံခွန်၊ အနောက်တောင်မြို့နယ်၊ အရှေ့တောင်မြို့နယ် စသည့် ၈ မြို့နယ်မှ NLD အဖွဲ့ဝင် ၅ဝ တက်ရောက်သည့် အခမ်းအနားက သဝဏ်လွှာကို  ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မည်ဖြစ်သည်။