ထောင်နှစ်ရှည်ကျနေသော ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်၏ မိခင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် ဆွမ်းကပ်ပွဲကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ထောင်နှစ်ရှည်ကျနေသော ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်၏ မိခင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် ဆွမ်းကပ်ပွဲကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
ဘူးသီးတောင်ထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ၃ နှစ်ပြည့်နှစ်လည် ဆွမ်းကပ်အမျှဝေပွဲကို ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာ၌ ယနေ့ ပြုလုပ်သည်။
နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော အခြားကျောင်းသားခေါင်းဆောင်များ၏ မိသားစုများကိုလည်း ဆွမ်းကျွေးတွင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးခဲ့ပြီး အခက်အခဲများကို အဖွဲ့ချုပ်မှ ကူညီဖြေရှင်းပေးမည်ဟု ပြောသွားကြောင်း သိရသည်။
“မိသားစုတွေ အကုန်လုံးကို ခေါ်ပြီးတော့ တွေ့ဆုံပွဲလုပ်ပေးမယ်တဲ့။ ကျန်းမာရေးကို အထူး ဂရုစိုက်ကြပါပေါ့။ ထောင်တွေထဲမှာ ကျန်းမာရေးက အရေးကြီးဆုံးပဲပေါ့။ သွားတွေ့ဖို့ အခက်ခဲတွေ ရှိရင်လဲ သူတို့ကို တင်ပြပါလို့ ပြောတယ်” ဟု သူ့နှမ မမိမိကြွယ်က မဇ္စျိမကို ပြောသည်။
ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ် အစာအိမ်ရောဂါ ပြန်ခံစားနေရကြောင်းလည်း မမိမိကြွယ်က ပြောသည်။
အခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် နိုင်ငံရေးသမား ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန်ထားသည်။
၁၉၈၈ လူထုအုံကြွမှုတွင် အဓိကအခန်းမှ ပါဝင်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှာ ၂ဝဝ၇ ကုန်စျေးနှုန်း ကျဆင်းရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ရာက ထောင်ဒဏ် ၆၅ နှစ် စီအပြစ်ပေးခံရသည်။
ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နန်ဘီးယားကလည်း နှစ်ရက်ကြာ ခရီးစဉ်အပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အိမ်တွင် နိုဝင်ဘာ ၂၇ ရက်က သွားတွေ့ခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေး အပါအဝင် ရွေးကောက်ပွဲဝင် ပါတီများနှင့်လည်း မစ္စတာ နန်ဘီးယားတွေ့ဆုံခဲ့သည်။
နိုင်ငံရေး အပြောင်းအလဲတွင် ရွေးကောက်ပွဲဝင် အနိုင်ရပါတီများသာမက ရွေးကောက်ပွဲမဝင်သူ ဝင်ခွင့်မရသူများကိုလည်း ထည့်သွင်းရန် သူက တောင်းဆိုထားသည်။