အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် HIV/AIDS ကုသ စောင့်ရှောက်ရေး ဂေဟာမှ ဝေဒနာရှင်များကို နောက်ထပ် တပတ် နေထိုင်ခွင့် ဧည့်စာရင်း ထပ်ပေး ...
ချင်းမိုင် (မဇ္စျိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် HIV/AIDS ကုသ စောင့်ရှောက်ရေး ဂေဟာမှ ဝေဒနာရှင်များကို နောက်ထပ် တပတ် နေထိုင်ခွင့် ဧည့်စာရင်း ထပ်ပေးလိုက်ကြောင်း ဝေဒနာရှင် ဦးထင်အောင်က ပြောသည်။
“ဧည့်စာရင်း ကိစ္စ အဆင်ပြေသွားပါပြီ ခင်ဗျ။ ရ ရက်ပဲလေ။ ခါတိုင်းလည်း ရ ရက်ပဲ ” ဟု ဦးထင်အောင်က မဇ္စျိမကို ပြောသည်။
ယနေ့ညနေ ရ နာရီခန့်တွင် ရယက ရုံး၌ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ဦးထင်အောင် အပါအဝင် NLD မှ တောင်ဒဂုံ လူငယ် တာဝန်ခံ နှစ်ဦးတို့ တွေ့ဆုံကြပြီးနောက် ဧည့်တိုင် နေထိုင်ခွင့် ပြန်ရသည်။
ယခုလ ၁၈ ရက်က မယက ဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ဦးထင်အောင်ကို ခေါ်ယူခြိမ်းခြောက်ပြီး ယနေ့ နောက်ဆုံးထား၍ သာကေတ အထူးကုဆေးရုံသို့ ပြောင်းရွှေ့ရန်နှင့် ဆေးရုံမတက်လိုပါက နေရပ်ပြန်ရန် သတိပေးခဲ့သည်။
ဝေဒနာရှင် ၈၄ ဦးရှိသည့် ဂေဟာဖွင့်သည်မှာ ၅ နှစ်ကျော်ပြီဖြစ်သော်လည်း ယခုလ ၁၇ ရက် ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေးပြီးနောက်မှ ဆေးရံတက်ရန် ညွှန်ကြားချက် ထွက်လာခဲ့သည်။
နိုင်ငံပိုင် ဆေးရုံတချို့တွင် ဆက်ဆံရေး နွေးထွေးမှု မရှိခြင်းနှင့် HIV ပိုးတန့်သွားစေသည့် ART ဆေးမှလွဲ၍ အခြားဆေးဝါးနှင့် ဆေးပစ္စည်း အသုံးအဆောင်များ ကိုယ်ပိုင်ငွေဖြင့် ဝယ်ခဲ့ရဖူး၍ ဝေဒနာရှင်များ မပြောင်းလိုကြပေ။
“ဆေးရုံမှာ ဆေးဝါး၊ ငွေကြေး အဲဒါတွေ လုံလုံလောက်လောက်ရမယ် မထင်လို့ကို ဘယ်သူမှ မသွားတာပါ။ ဒီမှာကျတော့ ခရီးစရိတ်ကအစ ပေးတယ်။ စိတ်ဓာတ်ခိုင်အောင်လို့ လေ့ကျင့်ပြုစုပေးတာတို့ ကွာတာပေါ့နော်” ဟု ဂေဟာတွင် ၃ နှစ်ကြာ နေထိုင်နေသော ဦးထင်အောင်က ပြောသည်။
ဂေဟာတွင် စောင့်ရှောက်မှု ခံယူနေသူများထဲတွင် အသက်ကြီးဆုံး ၅၁ နှစ်မှ မိခင်မှတဆင့် ကူးစက်သော ၁ဝ နှစ်အောက် ကလေးများထိရှိကြောင်း၊ အထက်မြန်မာပြည်နှင့် ဧရာဝတီတိုင်းကများကြောင်း သိရသည်။
နေအိမ်တလုံးထဲတွင် ဝေဒနာရှင်များ စုနေခြင်းသည် “ကျန်းမာရေးနှင့် မညီညွတ်” သဖြင့် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလှမြင့်နှင့်အဖွဲ့ ဂေဟာသို့ သုံးကြိမ် သွားရောက်ဆွေးနွေးခဲ့သည်ဟု ရန်ကုန် သတင်းစာများတွင် ထုတ်ပြန်ထားသည်။ မြန်မာ့အလင်းက ဂေဟာတွင် အဆုတ်ရောဂါ ရှိသူ ၃ဝ ခန့် ရှိသည်ဟုလည်း ရေးသည်။
ဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ကိုရာဇာကမူ ဆေးဝါးကျွမ်းကျင် သင်တန်း၊ သူနာပြုသင်တန်းများ တက်ထားသော လူငယ်များက သမားတော်ကြီးများ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နေပြီး တီဘီရောဂါဖြစ်နေသူ အနည်းအကျဉ်းသာ ရှိသည်ဟု ပြန်လည်ချေပသည်။
လူနာရှင်များ၏ ဆန္ဒအတိုင်း လိုက်နာမှာဖြစ်ကြောင်းလည်း ကိုရာဇာက ပြောသည်။
မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်များကို အထူးကုဆေးရုံ (၃ဝ) တွင် လက်ခံကုသပေးနေပြီး ပြည်တွင်း NGO ၁၁ ဖွဲ့နှင့် နိုင်ငံတကာ NGO ၂၁ ဖွဲ့တို့ကလည်း ကုသနေသည်ဟု မြန်မာ့အလင်းက ဆိုသည်။
ထို့ပြင် မြောက်ဥက္ကလာပ ဝေဘာဂီ၊ မင်္ဂလာဒုံ၊ သာကေတ စသည့်ဆေးရုံများတွင် အတွင်း/ပြင် ဝေဒနာရှင် ၃၄၅ ဦး ကုသပေးနေသည်ဟုလည်း ဖော်ပြထားသည်။
ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ HIV/ AIDS အဖွဲ့အစည်းများက မြန်မာတနိုင်ငံလုံးတွင် HIV ပိုးကူးစက်သူ ၂၃ဝ,ဝဝဝ ခန့်ရှိသည်ဟု ၂ဝဝ၇ က ထုတ်ပြန်ခဲ့သည်။