အဲရန်ကုန် မရေမရာ အကြောင်းပြချက်ဖြင့် နားရ

အဲရန်ကုန် မရေမရာ အကြောင်းပြချက်ဖြင့် နားရ

ရန်ကုန်အဲဝေး လေကြောင်း ဒီဇင်ဘာ ၃ ရက်အထိသာ ပြေးဆွဲတော့မှာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ရပ်နားတော့မည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ...

ချင်းမိုင် (မဇ္ဈိမ)။      ။ ရန်ကုန်အဲဝေး လေကြောင်း ဒီဇင်ဘာ ၃ ရက်အထိသာ ပြေးဆွဲတော့မှာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ရပ်နားတော့မည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

yngboardပြည်တွင်းပြေး ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်သော ရန်ကုန်အဲဝေး၏ ခရီးသွား ကုမ္ပဏီများသို့ ပို့သော ထုတ်ပြန်ချက်တွင်  အာဏာပိုင်များက လေယာဉ်ပြေးဆွဲခွင့် လက်မှတ် သက်တမ်း တိုးမပေးသေးသောကြောင့်ဟု ပါသည်။ နောက်ပိုင်း လက်မှတ်များအတွက် အခြား လေကြောင်းလိုင်းများကို လွှဲပြောင်းရန်လည်း မှာကြားထားသည်။

မြန်မာ့လေကြောင်း သတင်းရပ်ကွက်အရ ရန်ကုန်အဲဝေးပိုင်ရှင် အစစ်မှာ  ဝ' ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပေါက်ယူချမ်းသားမက် ဦးအိုက်ဟောက်ဟု ဆိုသည်။ စစ်အစိုးရက UWSA  စီးပွားရေး လုပ်ငန်းများကို ထိန်းချုပ်လာခြင်း ပြယုဂ်တခုဟု ထင်ကြေး ပေးကြသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော UWSA မှာ အမြဲတမ်း စစ်သည်အင်အား အနည်းဆုံး နှစ်သောင်းရှိပြီး စစ်အစိုးရ နယ်ခြားစောင့်တပ် မပြောင်းဘဲ ငြင်းဆန်ထားသည်။ သူတို့ ထိန်းချုပ်ရာ နယ်မြေတွင် လုံခြံုရေး မကောင်းဆိုကာ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပဘဲ ချန်ထားခဲ့သည်။

၂ဝဝ၈ နိုဝင်ဘာလ ၁၃ တွင် အမေရိကန်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ နာမည်ပျက် စီးပွားရေး လုပ်ငန်းများနှင့် လုပ်ငန်းရှင်များစာရင်းတွင် ရန်ကုန်အဲဝေးလည်း ပါသည်။

လေကြောင်းကုမ္ပဏီကို သတင်းပို့ချိန်အထိ ဆက်သွယ်မရဘဲ ဖြစ်နေသည်။

ရန်ကုန်အဲဝေးကို ၁၉၉၆ တွင် ထိုင်း Krong-Sombat Co နှင့် မြန်မာ့ လေကြောင်းလိုင်းတို့ ဖက်စပ်
တည်ထောင်ခဲ့ပြီး တည်ထောင်ပြီး တနှစ်အကြာတွင် မေဖလားဝါး ကုမ္ပဏီက ရှယ်ယာဝင်အဖြစ် ပါလာခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်သော မူးယစ်ဆေးဝါးမှရသည့် ငွေကြေးကို ငွေဖြူပြောင်းသည့် စာရင်းဝင် မေဖလားဝါးမှာ ၂ဝဝ၃ တွင် မြန်မာအစိုးရ ဖျက်သိမ်းခံရသည်။

ရန်ကုန်အဲဝေးတွင် ဖော်ကာ ATR 72-210s အမျိုးအစား လေယာဉ် ၂ စီးရှိသည်။

ရန်ကုန်အဲဝေး ဖျက်သိမ်းလျှင် နိုင်ငံပိုင် မြန်မာ့လေကြောင်းနှင့် ပုဂ္ဂလိကပိုင် အဲပုဂံနှင့် အဲမန္တလေးတို့ ကျန်ရစ်မည်။