ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့်သူများအတွက် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ တဆင့် ဒေါ်လာ ၃ သိန်း ...
ချင်းမိုင် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့်သူများအတွက် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ တဆင့် ဒေါ်လာ ၃ သိန်း လှူသွားမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
လတ်တလောတွင် မုန်တိုင်းဒဏ် အဆိုးဆုံး ခံလိုက်ရသည့် မြေပုံမြို့နယ်တွင် သောက်သုံးရေ ပြတ်လပ်နေပြီး ဝမ်းရောဂါနှင့် မျက်စိနာ ရောဂါများ ဖြစ်ပွားနေကြောင်း လူမှုကူညီရေး အသင်း တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနှင့် မာန်အောင်မြို့များတွင် ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၂၂ ရက်က ၁ နာရီလျှင် မိုင်၁၂ဝ နှုန်းဖြင့် ဂီရိ မုန်တိုင်း တိုက်ခတ်သွားပြီးနောက် အိုးအိမ်အပျက်အစီးများအနီး ရပ်နေသော ဒေသခံ ကလေးငယ်တဦး။ ဂီရိဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသအတွင်း လူဦးရေ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ နှစ်သိန်းခြောက်သောင်းနှင့် ၁၈ နှစ်အောက် ကလေးလူငယ် တသိန်းကျော် ဒုက္ခရောက်ခဲ့ရသည်။
မုန်တိုင်းဒဏ်ခံရသူများ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် နေရာထိုင်ခင်းအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ အပါအဝင် NGO အဖွဲ့များ၊ လူမှုကူညီရေးအသင်းများက ကူညီနေကြသည်။
စစ်အစိုးရက အစိုးရရုံးများနှင့် စာသင်ကျောင်းများ ပြုပြင်ပေးသည်။ စာသင်ကျောင်းပေါင်း ၁၅ဝ ကျော် ပျက်စီးသွားခဲ့သည်ဟု ရန်ကုန်အခြေစိုက် ယူနီဆက်က ပြောသည်။
အောက်တိုဘာလတွင်းက ရန်ကုန်အမေရိကန်သံရုံးက ဒုက္ခသည်များ အမိုးအကာအတွက် ဒေါ်လာ ၁ သိန်း လှူခဲ့သည်။
အကူအညီများစွာ လိုနေသေးကြောင်းလည်း ဦးအေးသာအောင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၂၂ ရက်က ၁ နာရီလျှင် မိုင်၁၂ဝ နှုန်းဖြင့် ဂီရိ မုန်တိုင်း တိုက်ခတ်သွားပြီးနောက် အိုးအိမ်များ ပျက်စီးသွားခဲ့ရသော ဒေသခံများ။ မုန်တိုင်းသင့် ဒေသအတွင်း လူဦးရေ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ နှစ်သိန်းခြောက်သောင်းနှင့် ၁၈ နှစ်အောက် ကလေးလူငယ် တသိန်းကျော် ဒုက္ခရောက်ခဲ့ရသည်။