အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ရန် အမိန့်ပေးခဲ့ခြင်းကို အနောက်ဘင်္ဂလား အစိုးရက ...
နယူးဒေလီ (မဇ္စျိမ)။ ။ အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ရန် အမိန့်ပေးခဲ့ခြင်းကို အနောက်ဘင်္ဂလား အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်သည်။
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ တွဲဖက်အထွေထွေ အတွင်းရေးမှူးက အမှုပြီးစီးသည့် မြန်မာမျိုးချစ် ၃၄ ဦးကို မြန်မာပြည်ပြန်ပို့ရန် ပြီးခဲ့သည့်လလယ်က ထုတ်ပြန်ခဲ့သည်။
“ အခုတော့ ပြန်ရုတ်သိမ်းလိုက်ပါပြီ” ဟု ယင်း ၃၄ ဦး၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောသည်။
မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ NUPA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များမှာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရေပိုင်နက် အန်ဒမန်-နီကိုဘား ကျွန်းစု လဲန်းဖော်ကျွန်းတွင် အိန္ဒိယရေတပ်၏ ဖမ်းဆီးခံခဲ့ရသည်။
အိန္ဒိယထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရိတ်ဝေါက အိန္ဒိယအနေဖြင့် အကူညီပေးမည်ဆိုကာ ကတိပေးခဲ့ပြီးမှ သစ္စာဖောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင် ၆ ဦးကိုလည်း သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။
ထို့နောက် တော်လှန်ရေးသမားများကို အိန္ဒိယအစိုးရက တရားမစွဲဘဲ ၆ နှစ်ကျော်ကြာ အန်ဒမန်ကျွန်း-ပို့ဘလဲယားတွင် ထောင်ချုပ်နှင့် ရဲစခန်းချုပ်ထားခဲ့ပြီးနောက် ၂ဝဝ၆ အောက်တိုဘာလတွင် ကာလကတ္တားရှိ Presidency ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ဆက်လက်၍ လက်နက်နှင့် ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိမှု၊ ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် ကလကတ္တား City Session တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
၃ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် အိန္ဒိယ ဗဟို စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် နှစ်ဘက်သဘောတူညီချက်ယူပြီး အမှုကို အဆုံးသတ်ခဲ့ကြသည်။
သို့သော် City Session တရားရုံးက တဦးလျှင် ဒဏ်ငွေ ရူပီး ၆ ထောင်စီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
၃၄ ဦးစလုံးက ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဒဏ်ငွေ ပေးဆောင်ခဲ့သော်လည်း အိန္ဒိယတွင် နေထိုင်ရန် တရားဝင် အထောက်အထား မရှိသေးသဖြင့် ကာလကတ္တားထောင်၌ ယခုတိုင် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ သို့သော် နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးတွင် ဒုက္ခသည်အဖြစ် သူတို့က လျှောက်ထားပြီး ဖြစ်သည်။
မဟာမင်းကြီးရုံုးက ဒုက္ခသည်အဖြစ် အသိမှတ်ပြုရေး မပြုရေးအတွက် လက်ခံစဉ်းစားရန် လူတွေ့ အင်တာဗျူး သွားရောက်လုပ်ခွင့်ပြုရန် အိန္ဒိယဗဟိုအစိုးရသို့ ခွင့်တောင်းထားသည်ဟု အမည်မဖော်လိုသူ နယူးဒေလီရှိ ကုလသမဂ္ဂရုံး အရာရှိတဦးက ပြောသည်။ ယခုသတင်းပေးပို့ချိန်အထိ အိန္ဒိယအစိုးရ၏ အကြောင်းပြန်ချက် မရရှိသေးကြောင်း သူက ပြောသည်။
နယူးဒေလီတွင် မြန်မာ ၈ ထောင်ခန့် နေထိုင်လျှက်ရှိသည်။ ၃၄ ဦးကို ဒုက္ခသည်အဖြစ် အိန္ဒိယတွင် နေထိုင်ခွင့်ပြုရန် မြန်မာအသိုင်းအဝိုင်းက အိန္ဒိယ လူ့အခွင့်အရေး ကော်မရှင်နှင့် အစိုးရသို့ မေတ္တာရပ်ခံထားသည်။
“သူတို့က အမြန်လွတ်ချင်နေပြီ။ ၁၂ နှစ်ကျော်ကျော် နေလာရတဲ့လူတွေ၊ ရင်ဆိုင်ရတဲ့ တရားရုံးကလည်း ပြီးပြီးသားဆိုတော့ ပိုပြီးဆိုးတာပေါ့။ စိတ်ပိုင်းဆိုင်ရာ သောကတင်မကဘူး၊ ဘာမှန်းမသိတဲ့ အနာဂတ်ကို ရင်ဆိုင်ရမယ်ဆိုတဲ့ သောကပါ ရှိနေတာပေါ့” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။