NDF နိုင်ငံရေးဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင် သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ပါတီတာဝန် ကျေပွန်ခြင်း မရှိသည့်အပြင် အတွင်းရေးများကို မီဒီယာများ ...
ချင်းမိုင်(မဇ္စျိမ)။ ။ NDF နိုင်ငံရေးဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင် သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ပါတီတာဝန် ကျေပွန်ခြင်း မရှိသည့်အပြင် အတွင်းရေးများကို မီဒီယာများတွင် တာဝန်မဲ့စွာ ပြောဆိုသည်ဟူသော စွပ်စွဲချက်ဖြင့် ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ပါတီ၏ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
“ပါတီက ပိုက်ဆံတွေ ယူထားတယ်။ နိုင်ငံခြားငွေ သုံးတယ်ပေါ့။ မဟုတ်မမှန် စွတ်စွဲတယ်လေ။ ကျနော်တို့ နိုင်ငံခြားငွေ သုံးထားတာ မရှိဘူး။ ပြည်တွင်းက မီဒီယာ ၃၊ ၄၊ ၅ စောင်မှာလဲ အဲဒီလို ပုဂ္ဂ္ဂိုလ်နာမည်တွေ တပ်ပြီးတော့ တရားစွဲမယ်တို့ ကော်မရှင်ကို တိုင်မယ်တို့ ပြောတယ်။ ရွေးကောက်ပွဲမတိုင်ခင် အဲဒီလို အင်တာဗျူးတွေ လုပ်တဲ့အတွက်ကြောင့်”ဟု သူက မဇ္စျိမကို ပြောသည်။
စည်းလုံးညီညွတ်ရေးနှင့် ပါတီစည်းမျဉ်းစည်းကမ်းများကို ထိခိုက်စေသဖြင့် ဦးသိန်းညွန့်အား အရေးယူရန် မနေ့က ရန်ကုန်၊ မန္တလေးနှင့် ့တနင်္သာရီတိုင်း ပါတီခေါင်းဆောင် ၁၅ ဦးဆွေးနွေးခဲ့ရာ ၁၂ ဦးမဲခွဲသည်ဟု ဆိုသည်။
“ပါတီအတွင်းကိစ္စကို အတွင်းမှာ ကျေလည်အောင် မဖြေရှင်းဘဲ အပြင်မှာ ဖြေရှင်းရင် အရေးယူရမယ်ဆိုတဲ့ စည်းကမ်းဟာ ပါတီမူဝါဒထဲမှာ ပါပါတယ်။ ဂျာနယ်တွေမှာ စိတ်ရှိတိုင်းပြောရုံမကဘူး အပြင်ဘက်မှာ လျှောက်ပြောနေတယ်။ ဒါကြောင့် ကော်မရှင်ကိုတင်ပြထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ သူ့ကို အရေးယူပြီး ဖယ်ထုတ်လိုက်ပါပြီ”ဟု ဦးခင်မောင်ဆွေက ပြောသည်။
ရွေးကောက်ပွဲ မတိုင်မီကလည်း ဦးသိန်းညွန့်အား ပါတီ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က ပါတီအတွင်းရေး အပြင်သို့ မပြောရန် သတိပေးခဲ့သော်လည်း ပါတီစည်းမျဉ်းများ ဆက်ဖောက်နေခြင်းကြောင့် ထုတ်ပယ်လိုက်ကြောင်း သူက ဆက်ပြောသည်။
ဦးသိန်းညွန့်ကတော့ စည်းကမ်းမချိုးဖောက်ဟု ငြင်းဆိုလိုက်သည်။
“ကျနော် မချိုးဖောက်ပါဘူး။ ဒါ ဒီမိုကရေစီပဲ။ သတင်းမီဒီယာကို ပြောရတာဘဲ။ အချက် ၃ ချက်ပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်ကထဲက သူတို့ ငွေကြေး မရှင်းမလင်းလုပ်တဲ့ ကိစ္စတွေကို ကျနော်တို့ ရွေးကောက်ပွဲပြီးရင် ရှင်းမယ်လို့ ပြောထားတာကိုး၊ ကျနော်က ရွေးကောက်ပွဲ နိုင်ထားတော့ မနာလိုတာ ဖြစ်မှာပေါ့၊ တတိယအချက်က ကော်မရှင် မတိုင်ခင် သူတို့က ကျနော်ကို လက်ဦးအောင် လုပ်တာပေါ့”ဟု ဦးသိန်းညွန့်က မဇ္စျိမကို ပြောသည်။
ထို့ပြင် ဦးခင်မောင်ဆွေ၊ ဦးသန်းငြိမ်း၊ ဒေါက်တာ မြတ်ဉာဏစိုး၊ ဦးစိန်ဝင်းတို့ ၄ ဦး ပါတီရန်ပုံငွေများကို စာရင်းမပြနိုင်ဘဲ ထင်သလို သုံးစွဲနေသည်ဟု သူက ပြန်လည် စွပ်စွဲလိုက်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ပြီး ကော်မရှင်က မထုတ်သ၍ NDF ပါတီ တာဝန်ကို ဆက်လက် ထမ်းဆောင်မည်ဖြစ်ကြောင်း သူက ဆိုသည်။
ယခင်လအတွင်းကလည်း NDF အမတ်လောင်းအချို့က စီးပွားရေးလုပ်ငန်းရှင်တဦးထံမှ အလှူငွေ လက်ခံခဲ့သည်ဆိုကာ ၆ ပါတီမဟာမိတ်အဖွဲ့အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်၊ ခေတ္တရပ်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ကွဲထွက်သွားသော မဟာမိတ်၏ အဖွဲ့ဝင်များမှာ NDF ၊ ဒီငြိမ်း၊ ချင်းအမျိုးသားပါတီ၊ ရခိုင်ပါတီ RNDP၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ဖြစ်သည်။