ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်ပြီ

ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်ပြီ
by -
မဇ္ဈိမသတင်းဌာန

၇ နှစ်ခွဲခန့် နေအိမ် အကျယ်ချုပ်နှင့် ဆိုင်းငံ့ထောင်ဒဏ် ကျခံခဲ့ရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ...

၇ နှစ်ခွဲခန့် နေအိမ် အကျယ်ချုပ်နှင့် ဆိုင်းငံ့ထောင်ဒဏ် ကျခံခဲ့ရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာခဲ့သည်။ ဗေဒါရောင် ဝမ်းဆက် ဝတ်ထားသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်။

Aung San Suu Kyiဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးထင်ကျော်၊ ဦးနီ၊ ဦးဉာဏ်ဝင်း၊ ဦးနိုင်းနိုင်း စသည့် မိသားစု မိတ်ဆွေများ၊ NLD အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက္ကသိုလ် ရိပ်သာ လမ်း ခြံဝတွင် စောင့်ကြိုနေသည့် လူထုကြီးကို နှုတ်ဆက်စကား ပြောကြသည်။ မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာတွေ့နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်ကာ ညနေ ၆ နာရီတွင် အိမ်တွင်းသို့ ပြန်ဝင်သွားသည်။ ဦးတင်ဦးနှင့် ဇနီး၊ ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့  လိုက်သွားကြသည်။

မနက်အစောပိုင်းကထဲက တဖွဲဖွဲရောက်ရှိလာသော NLD ပါတီဝင်များ၊ နိုင်ငံရေး တက်ကြွသူများနှင့် ပြည်သူများ ကုက္ကိုင်းလမ်းဆုံနှင့် ရွှေဂုံတိုင် NLD ရုံးချုပ်ရှေ့တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်သွားရာ တက္ကသိုလ်ရိပ်သာလမ်း ကန့်သတ်နယ်မြေအနီးတွင် ’’ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပြည်သူအချို့ အော်ဟစ် ဆုတောင်းကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၄ဝ ခန့်  ထိုင်သပိတ် သဘော တင်ပျဉ်ခွေ ထိုင်ခဲ့ကြသည်။ ညနေစောင်း ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့က အကာအရံများ ဖယ်ပေးလိုက်ချိန်တွင် အနည်းဆုံး လေးထောင်ခန့်ရှိသော လူအုပ်ကြီး  ခြံဝထိ တိုးလာကြသည်။  ရွှေဂုံတိုင် ရုံးချုပ်ရှေ့က လူ တသောင်းကျော်လည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ဘက်သို့ ထွက်ခွာသွားသည်။  

လွတ်မြောက်မည်ဟု သတင်းများထွက်နေ၍ မနေ့ညမိုးချုပ်သည်ထိ ကုက္ကိုင်းလမ်းဆုံနှင့်   NLD ရုံးချုပ်ရှေ့တွင် သူ့ဓာတ်ပုံများ ကိုင်ဆောင်ကာ လူရာနှင့်ချီ စောင့်ခဲ့ကြသည်။  

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ၂ဝ၁ဝ ရွေးကောက်ပွဲဝင် အချို့ပါတီများ၊ ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် စည်းဝေးနေသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ၊ အမေရိကန်သမ္မတ၊ ဥရောပသမဂ္ဂဥက္ကဋ္ဌစသည့် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုခဲ့ပြီး ကမ္ဘာ့မီဒီယာများတွင် လူစိတ်ဝင်အစားဆုံး ဖြစ်နေသည်။

Most read this week