မန္တလေး မဲပေးပုံ လွတ်လပ်

မန္တလေး မဲပေးပုံ လွတ်လပ်
by -
မဇ္စျိမသတင်းဌာန

မန္တလေးတိုင်း ချမ်းမြသာစည်နဲ့ မဟာအောင်မြေ မြို့နယ်တွေမှာ မဲပေးရတာ လွတ်လပ်မှုရှိပြီး လုံခြုံရေးချထားတာလည်း နည်းပါတယ်လို့ ကိုယ်တိုင်မဲထည့်ခဲ့သူ ဒေသခံတွေ အဆိုအရ သိရ ...

မန္တလေးတိုင်း ချမ်းမြသာစည်နဲ့ မဟာအောင်မြေ မြို့နယ်တွေမှာ မဲပေးရတာ လွတ်လပ်မှုရှိပြီး လုံခြုံရေးချထားတာလည်း နည်းပါတယ်လို့ ကိုယ်တိုင်မဲထည့်ခဲ့သူ ဒေသခံတွေ အဆိုအရ သိရပါတယ်။

"လုံခြုံရေးက သိပ်တော့ မရှိပါဘူး။ အလွန်ဆုံးမှ ၅ ယောက်၊ ၈ ယောက်လောက်ပေါ့။ တနေရာနဲ့ တနေရာ မတူဘူး ထင်တယ်။ ကျနော်တွေ့တဲ့ မဲရုံမှာတော့ လုံခြုံရေးက မများပါဘူး။ သူတို့ မဲပေးပုံတော့ လွတ်လပ်ပါတယ် အေးဆေးပဲ" လို့ ချမ်းမြသာစည်မြို့ခံက ပြောပါတယ်။ ကိုက် ၅ဝဝ ကို မဲရုံတရုံနှုန်း ရှိတာကြောင့် မနက် ၉ နာရီတုန်းက  ကျွဲဆည်ကန် ကားကွင်းနားရှိ မဲရုံမှာ မဲပေးသူ ၅ဝ လောက် တွေ့ခဲ့ရပြီး၊ နေ့လည်အရောက် လူပြတ်သွားတယ်လို့ ဆိုပါတယ်။

ချမ်းမြသာစည်မှာ ပြည်သူ့လွှတ်တော်အတွက် တစည၊ ကြံ့ဖွံ့၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ ဝင်ပြိုင်ကြပါတယ်။

မဟာအောင်မြေမြို့မှာတော့ ပြည်သူ့လွှတ်တော်အတွက် တစည၊ ကြံ့ဖွံ့၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဝင်ပြိုင်မှာပါ။ အဲဒီမှာလည်း မဲထည့်ရတာ လွတ်လပ်တယ်လို့ မဲထည့်သူ ဒေသခံက ပြောပါတယ်။

"အနားမှာ ရဲတချို့မြင်ခဲ့တယ်။ တခြားဝင်ခွေနေရင်တော့ မသိဘူး။ မြင်ခဲ့ရတော့ ၄ ယောက်တိတိပဲ။ မဲရုံပိတ်ချိန်က ညနေ ၆ နာရီအထိ။ တစစ လာပေးနေကြတာပေါ့။ ထည့်ရတာ လွပ်လပ်ပါတယ်။ လျှို့ဝှတ်ခန်းရှိတယ်လေ။ ရပ်ကွက်ထဲမှာတော့ ခမောက်ရယ်၊ ကဒေါင်းရယ် တော်တော်ထည့်ထားတယ် ပြောတယ်။ မဲရုံနားမှာ ပြည်ခိုင်ဖြိုးက မဲဆွယ်တာတော့ မတွေ့ခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။