ကုလသမဂ္ဂ မြန်မာပြည် စုံစမ်းရေးအဆို ဂျာမနီ တရုတ်ဘက်လိုက်ပြီး ဆန့်ကျင်

ကုလသမဂ္ဂ မြန်မာပြည် စုံစမ်းရေးအဆို ဂျာမနီ တရုတ်ဘက်လိုက်ပြီး ဆန့်ကျင်
by -
သောမတ်စ် မောင်ရွှေ

မြန်မာစစ်အစိုးရ လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်ချိုးဖောက်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ကာ စုံစမ်းမည် ဆိုခြင်းကို  ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မထောက်ခံ....

မြန်မာစစ်အစိုးရ လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်ချိုးဖောက်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ကာ စုံစမ်းမည် ဆိုခြင်းကို  ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မထောက်ခံကြောင်း မဇ္ဖျိမအား ပြောဆိုသည်။

ဂျာမနီ၏ ရပ်တည်ချက်အကြောင်း မဇ္ဖျိမ မေးခွန်းများကို ပြန်လည် ဖြေကြားသော အီးမေးလ်တွင် ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ် ထရီဆာ စကွန်းဖဲလ်က “ဒီစုံစမ်းစစ်ဆေးမှု ကနဦး ခြေလှမ်းသစ် အောင်မြင်ဖို့နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ သေသေချာချာ ရရှိဖို့အတွက် အခြေအနေတွေ ဆက်လက် စောင့်ကြည့်ဖို့ အရေးကြီးပြီး မြန်မာတိုင်းရင်းသားတွေ ပူးပေါင်းလာနိုင်မယ့် နည်းနာနိဿယတွေ ရှာဖွေဖို့လဲ အလွန်အရေးကြီးပါတယ်” ဟုမဇ္ဖျိမကို ပြောသည်။

အဓိပတိ အိန်ဂျယ်လာ မက်ကဲလ်၏ လက်ယာယိမ်း အစိုးရက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုအပေါ် ထောက်ခံရန် မလိုလားခြင်းကို ဝါရှင်တန်ပို့စ် သတင်းစာ၏ အစီရင်ခံစာများတွင် တွေ့ရှိရပြီး ကုလသမဂ္ဂစုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ဆန့်ကျင်ရန် အာရှနှင့် ဥရောပ နိုင်ငံများအား  အရင် ၂ လကတည်းက တရုတ်က “စွမ်းအားမြင့် သံတမန် စည်းရုံးရေး” များ ပြုလုပ်နေခဲ့သည်။

ဤစုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အမေရိကန်က  သြဂုတ်လလယ်တွင် ထောက်ခံခဲ့ပြီးနောက်ပိုင်း တရုတ်ပြည် ကုလသမဂ္ဂ သံအမတ်ကြီး လီပေါင်တန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ပြသရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ဝန်ထမ်း အကြီးအကဲ ဗီဂျေး နမ်ဘိုင်ယာထံနှင့် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့ထံ လျှို့ဝှက်တွေ့ဆုံ ခဲ့သည်ဟု သတင်းစာက အစီရင်ခံသည်။

ဝါရှင်တန်ပို့စ် သတင်းထောက် ကော်လန်လင့်ခ်ျ အဆိုအရ အစည်းအဝေး အသေးစိတ် အချက် အလက်များကို ကုလသမဂ္ဂဌာန(၃)ခုက လျှို့ဝှက်ထားပြီး  လီပေါင်တန်က နမ်ဘိုင်ယာအား မြန်မာပြည်ရေး စုံစမ်းစစ်ဆေးမှု ကော်မရှင်ဖွဲ့စည်းရန် အဆိုပြုချက်သည် “အန္တရာယ် ကြီးမားပြီး ဆန့်ကျင်ဘက် ဆိုးကျိုးများကိုသာ ရရှိစေမည်” ဆိုကာ ရှေ့ဆက်ရန် ခွင့်မပြုသင့် ဆိုကြောင်းသာ ထုတ်ဖော်ပြောကြား ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပူးတွဲတည်ထောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်က မဇ္ဖျိမကို ထင်မြင်ချက်ပေးရာတွင် မြန်မာပြည် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကန်တားနား  တင်သွင်းသော အစီရင်ခံစာအရ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဘာလင် ဆုံးဖြတ်ချက်အပေါ်  စိတ်ပျက်မိကြောင်း ပြောဆိုသည်။

ဦးဝင်းတင်ပြောကြားသည်မှာ “ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စ မထောက်ခံဖို့ ဂျာမနီက တရုတ်နဲ့အတူ ရပ်တည်တဲ့အပေါ် အလွန်အမင်း စိတ်ပျက်မိပါတယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် စစ်တပ်ရဲ့ ဆင့်ကာဆင့်ကာ တိုက်ခိုက်မှု တွေဟာ ပြင်းထန်လွန်းပြီး လူများစွာကို သတ်ဖြတ်နေပါတယ်၊ ဒီလိုရာဇဝတ်မှုတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်းက စုံစမ်းစစ်ဆေးရပါမယ်” ဟုဆိုသည်။

ဂျာမန် ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက် ထွက်ပေါ်လာသောအခါ ဘားမားကမ်ပိန်း (ဗြိတိန်)မှ မက်ခ်ဖာမနာက ရှေ့ဆက် လုပ်ဆောင်ရန် မြန်မာစစ်အုပ်စုနှင့် “ပူးပေါင်း ဆောင်ရွက်ရေး နည်းနာနိဿယများ” ရှိစေရန် အကြံပြုချက်ကိုသာလက်ခံသည်။

သူက “ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ နိုင်ငံတကာ ခုံရုံးကို အတိအကျ ဖွဲ့စည်းရမယ်၊ ဘာလို့လဲ ဆိုတော့ အာဏာရှင် တွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်တဲ့ ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှာ မဟုတ်လို့ပဲ၊ ဗိုလ်ချုပ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ် မူတည်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ထောက်ခံမယ်ဆိုတဲ့  ဂျာမနီရဲ့ သဘောထားဟာ ကျိုးကြောင်းမဆီလျော်ဘူး” ဟု ငြင်းပယ် ပြောဆိုသည်။

“အကယ်၍ ဂျာမနီသာ ဒီစောဒကကို ဒေသတွင်းမှာ အသုံးချမယ်ဆိုရင် သူတို့ ရဲတပ်ဖွဲ့ကိုယ်တိုင်က ဆွဲဖြုတ်ချသွားမှာပါ၊ တရားရုံး အတင်ခံရပြီး ရာဇဝတ်ကောင်တွေကို ကိုယ့်ဖာသာကိုယ် ထောင်ထဲ သွားခိုင်းမှာပါ” ဟု ဖာမနာက ဆက်လက်ပြောဆိုသည်။

ဂျာမနီ ရပ်တည်ချက် ထူးဆန်းသည်ဟု သံဃာတော်မိန့်ဆို

ပြည်ပရောက် သံဃာ့လှုပ်ရှားမှု ဦးဆောင်သူတဦး ဖြစ်သူ အရှင်သောပါက,က ဂျာမနီက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းရေး မထောက်ခံသည်ကို မအံ့သြကြောင်း ဆိုသည်။ နိုင်ငံရေး ခိုလှုံခွင့် ရပြီးနောက် ဂျာမနီ၌ (၇)နှစ်ကျော် နေထိုင်ခဲ့ဖူးပြီး ဂျာမန်ဘာသာစကား ပြောတတ်သူ အရှင်သောပါက,က မြန်မာပြည်အရေးနှင့် ပတ်သက်၍ ဂျာမနီ ရပ်တည်ချက်သည် အခြား အနောက်နိုင်ငံများနှင့် စာလျှင် အတော်အားနည်းသည် ဆိုသည်။

“မြန်မာပြည်အပေါ်ထားရှိတဲ့ ဂျာမနီသဘောထားက တော်တော်ကို ထူးဆန်းပါတယ်၊ အစိုးရက စီးပွားရေးကို ပိုစိတ်ဝင်စားပါတယ်၊ ဒါကြောင့် ဂျာမန်အစိုးရအနေနဲ့ မြန်မာပြည်မှာ ကြောက်စရာကောင်းတဲ့ စစ်တပ်က လူများစွာကို သတ်ဖြတ်နေတာကို လက်မခံချင်တဲ့ သဘောနဲ့ တူနေပါတယ်”  ဂျာမနီ တနိုင်ငံလုံး ခရီးသွားလာဖူးသည့် အရှင်သောပါက,က ဂျာမန်အစိုးရ၏ အနေအထားသည် ဂျာမန်ပြည်သူ တရပ်လုံး၏ လမ်းကြောင်းမှ သွေဖည်နေသည်ဟု ဆက်လက် မိန့်ကြားသည်။

ဂျာမန် စစ်လက်နက်ပစ္စည်းများ မြန်မာပြည် တင်ပို့ခဲ့

မြန်မာစစ်တပ် အကြီးတန်း သိပံ္ပပညာရှင်ဟောင်း ဗိုလ်မှူး စိုင်းသိန်းဝင်း မနှစ်က ထွက်ပြေးလာသောအခါတွင် မြန်မာစစ်တပ်သည် ဒုံးကျည်သုတေသနနှင့် အနုမြူစီမံကိန်း ထိပ်တန်းလျှို့ဝှက်ချက်များအတွက် ဂျာမန်ကုမ္ပဏီများထံမှ အထောက်အပံ့ ရယူပြီး အဆင့်မြင့် စစ်လက်နက်များ သုံးစွဲနေသည်ဟု ဖော်ထုတ်ခဲ့သည်။

မြန်မာ့အနုမြူ စီမံကိန်းနှင့် ပတ်သက်၍ “ဒီမိုကရက်တစ် မြန်မာ့အသံ” မှ ထုတ်ပြန်သော အစီအစဉ်တွင် Deckel Maho Gildemeister (DMG) ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် စက်ရုံများတွင် အရေးကြီး စက်ကိရိယာများ တပ်ဆင်ရေးအတွက် အထောက်အကူပေးရန် အင်ဂျင်နီယာများ ဘယ်လိုစေလွှတ်ခဲ့သည်ကို အသေးစိတ် ပြောကြားခဲ့သည်။

စိုင်းသိန်းဝင်းက DMG ကုမ္ပဏီသည် ဒုံးကျည် အစိတ်အပိုင်းများ ထုတ်လုပ်ရေးအတွက် သတ္တု အစိတ်အပိုင်းများ တိကျမှုရှိစေရန် ဒီဇိုင်းဆွဲပေးခဲ့သည် ဟုလည်း ဆိုသည်။  မြန်မာစစ်အစိုးရသည် သတ္တုပြားများ မြန်ဆန်စွာ ဖြတ်တောက်ရန်အတွက် အထူးပြုလုပ် ထားသော လေဆာရောင်ခြည်သုံး ဖြတ်စက်ကဲ့သို့ စက်ပစ္စည်း အစိတ်အပိုင်းများစွာကို DMG အပြင် တခြားဂျာမန်ကုမ္ပဏီ Trumpf မှ ဝယ်ယူခဲ့သေးသည် ဆိုသည်။

အဆိုပါ စက်ကိရိယာပစ္စည်းများ သုံးနေသည့် စက်ရုံ(၂)ရုံသို့ ရန်ကုန် ဂျာမန်သံရုံးအရာရှိများ (၂ဝဝ၇) (၂ဝဝ၈)နှင့် ပြီးခဲ့သည့်နှစ်များက သွားရောက် ကြည့်ရှုခဲ့ကြသည်။ စိုင်းသိန်းဝင်းမှ ဤစက်ကိရိယာများသည် ပြည်သူလူထုအတွက် အသုံးပြုနေခြင်း မဟုတ်ကြောင်း အထောက်အထားများ ထုတ်ဖော်ခဲ့သည့် ကြားမှပင် ဤစက်ကိရိယာများ ရောင်းချနေမှုနှင့် ပတ်သက်၍ တားဆီးပိတ်ပင်မှု တစုံတရာ ဂျာမန်အစိုးရက  မလုပ်ခဲ့ပေ။

 

 

 

 

 

Most read this week