၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင် မြန်မာဒုက္ခသည် ၇ဝဝ ကျော်က ယနေ့ ဆင်နွှဲခဲ့ ...
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင် မြန်မာဒုက္ခသည် ၇ဝဝ ကျော်က ယနေ့ ဆင်နွှဲခဲ့ကြသည်။
အိန္ဒိယ အတိုက်အခံပါတီ BJP (Bharatia Janata Party) နှင့် JTU (Janata Dal - United) ပါတီတို့မှ လာရောက် ပူးပေါင်းခဲ့ပြီး မြန်မာ ဒုက္ခသည်များနှင့် အတူ ယခုလ ၇ ရက်နေ့တွင် ကျင်းပမည့် စစ်အစိုးရ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် အိန္ဒိယ အစိုးရကို တောင်းဆိုခဲ့သည်။
“အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံသင့်၊ အသိအမှတ် မပြုသင့်ပါဘူး။ အသိအမှတ် မပြုဖို့ကိုလည်း နိုဝင်ဘာ ၉ ရက်နေ့မှာ ပြန်လည်စတင်မယ့် ပါလီမန်အတွင်းမှာ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု JTU အထွေထွေ အတွင်းရေးမှူး Javid Raza က ပြောသည်။
BJP ဒေလီယူနစ် ဒုဥက္ကဋ္ဌ Vijay Jolly ကလည်း “ကျနော်တို့ BJP ပါတီအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲထောက်ခံနေသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြဲ ထောက်ခံနေပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိတဲ့အတွက် လုံးဝ အဓိပ္ပာယ် မရှိပါဘူး” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကျင်းပကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းသယောင် နိုင်ငံတကာသို့ လိမ်လည်လှည့်ဖျားရန် ကြိုးပမ်းနေကြောင်း အိန္ဒိယအခြေစိုက် ဒီမိုကရေစီ အင်အားစုများက ဝေဖန်ပြောဆိုသည်။
စစ်အစိုးရ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် အိန္ဒိယဝန်ကြီးချုပ်ထံ လိပ်မူထားသည့် ပန်ကြားလွှာတွင်လည်း အိန္ဒိယ နိုင်ငံသားများ အပါအဝင် လူပေါင်း ၈ဝဝဝ ခန့် ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။