စစ်အစိုးရ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုမှသာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု မြန်မာ့အရေး လေ့လာသူများက ဆို....
စစ်အစိုးရ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုမှသာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု မြန်မာ့အရေး လေ့လာသူများက ဆိုသည်။
ရွေးကောက်ပွဲ ဥပဒေအရ အကျဉ်းကျခံနေရသူများ မဲပေးခွင့် မရှိသည့်အပြင် နိုင်ငံရေး အကျဉ်းသားများကိုလည်း လွှတ်မပေးသည့် အတွက် အနာဂတ် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွင် ပါဝင်ရန် နိုင်ငံရေးအကျဉ်းသားများ၏ ကဏ္ဍလည်း မှေးမှိန်ပျောက်ကွယ် နေသည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယတွင် အကျဉ်းကျခံနေများ မဲပေးခွင့် ရှိရုံသာမက လွှတ်တော်အမတ် ဝင်အရွေးခံပြီး အစိုးရဝန်ကြီး တာဝန်ထမ်းနေသူ များပင် ရှိသည်ဟု အိန္ဒိယ Samata Party ၏ အကြီးအကဲ ဂျရားဂျက်တလီက ပြောသည်။
“အိန္ဒိယကို ဥပမာထားပြီးပြောရရင် ၁၉၇၅မှာ အင်ဒီရာဂန္ဓီက အတိုက်အခံတွေ အားလုံးကို ထောင်ထဲ ထည့်ပစ်လိုက်တယ်။ ရွေးကောက်ပွဲ ကြေညာတဲ့အချိန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေကို ထောင်ချထားပေမယ့် ထောင်ထဲကနေ ဝင်ပြိုင်ခွင့် ပြုခဲ့တယ် လေ။ အဲဒီတုန်းက ဂျော့ဖာနန်ဒစ်လဲ ထောင်ထဲမှာပဲ။ သူ့ဓာတ်ပုံကို ယူပြီးတော့ တနိုင်ငံလုံးမှာ ကားတွေနဲ့လှည့်ပြီး စည်းရုံးရေးတွေ လုပ်ကြတယ်။ အဲဒီမှာ သူက တနိုင်ငံလုံး ဒုတိယ မဲအများဆုံးနဲ့ နိုင်ခဲ့တယ်။ ဒါ့ကြောင့် နေအိမ်အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ ထောင်ကျ နေတာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ”
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သေးသည်။ ဤနှစ် ဩဂုတ်လက စစ်အစိုးရက ရွေးကောက်ပွဲရက် ကြေညာပြီးပြီးချင်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ကျင်းပဖို့ အတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းခဲ့ပြန်သည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာတောင်းဆိုမှုများ ရှိနေသော်လည်း နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးလာသည်အထိ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်ကို မတွေ့ရသေးပါ။ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တသီပုဂ္ဂလ အမတ်လောင်းများကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရအောင် လုပ်သင့်ကြောင်း တောင်းဆိုလာကြသည်။
တောင်ဥက္ကလာပ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်က “တခြားတိုင်းပြည်တွေမှာ အထွေထွေ ရွေးကောက်ပွဲ ပြီးသွားရင် လွှတ်ပေးရတဲ့ထုံးစံရှိတယ်။ ဒါ အဖြစ်နိုင်ဆုံး ထင်တဲ့ လမ်းကြောင်းကို ကျနော် စိတ်ကူးယဉ်ကြည့်တာပါ။ တတ်နိုင် ရင်တော့ ကနေ့နက်ဖြန် ချက်ချင်း လွှတ်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ သူတို့ကိုယ်တိုင် တိုင်းပြည်ရဲ့ အပြောင်းအလဲဖြစ်တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ တထောင့်တနေရာကနေ ပါဝင်နိုင်တာပေါ့။ မတူညီတဲ့ အမြင်သဘောထားတွေကိုလဲ သူတို့ ကိုယ်တိုင် ဝင်ဆွေးနွေးနိုင်တာပေါ့။ အဲလိုဆိုရင် တိုင်းပြည်ရဲ့ လွတ်လပ်မှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်မှုတွေဟာ ပိုပြီး ထင်ရှား ပေါ်လွင်လာမှာပေါ့။ အဲဒီလို မဖြစ်ရင်လဲ ရွေးကောက်ပွဲ အပြီးမှာတော့ လွှတ်စေချင်တယ်။ အဲဒီလို ဖြစ်အောင်လဲ ကျနော် တိုက်တွန်း နှိုးဆော်သွားမယ်” ဟု ပြောသည်။
သို့သော်လည်း စစ်အာဏာရှင်စနစ် တည်ရှိနေသေးသရွေ့ အကျဉ်းကျခံ နိုင်ငံရေးသမား၊ ကျောင်းသူကျောင်းသားများနှင့် ရဟန်း သံဃာများ လွတ်မြောက်လိမ့်မည်ဟု မယုံကြည်ကြောင်း ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အရှင်ထာဝရက အမိန့် ရှိသည်။
“ဘာပဲဖြစ်ဖြစ်ဗျာ၊ မလွှတ်တာထက်စာရင် လွှတ်ပြီးမှ လုပ်ရင်တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောလို့ ရတာပေါ့။ ဒါပေမဲ့ ဒီနေ့အချိန်မှာ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ထုတ်ဖော်ပြောတာ တခုမှ မရှိသေးဘူး။ အခု လွှတ်ပေးနေတယ်ဆိုတဲ့ အကျဉ်းသားတွေက ရာဇဝတ်မှု ကျူးလွန်တဲ့ ခိုးဆိုးလုယက်တဲ့ သူတွေကိုသာ လွှတ်ပေးပြီး နိုင်ငံရေး အကျဉ်းသားတယောက်မှ မပါသေးတဲ့အတွက် စိုးရိမ်စရာရှိတယ်လို့ ဦးဇင်းတို့ ပြောနေတာပါ” ဟု အရှင်ထာဝရက မိန့်သည်။
အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များ လွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပါက ပိုမိုကောင်းမွန်သော နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာရန် မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“ကျနော်တို့ကတော့ တံခါးဖွင့်ထားတာပဲဗျာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီဆိုကတည်းက ပြန်လည်ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးလုပ်မယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အခုထိရပ်တည်ထားတဲ့ မူက အဲဒါပဲဗျ” ဟု သူက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ ဗိုလ်ချုပ် ဆေထင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ဟာသပညာရှင် ဇာဂနာ၊ ဘလော့ဂ်ဂါ နေဘုန်းလတ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအပြင် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူများ၊ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရဟန်း သံဃာတော်များ ယခုချိန်ထိ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။
စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား မရှိဟု ငြင်းဆိုနေသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၁ဝ ကျော် ရှိကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ စာရင်းများက ဆိုသည်။
ထိုအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ မကြာခဏ တောင်းဆိုခဲ့ကြသည်။
AAPP-B ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ စာရင်း
ကျန်မာရေး ချို့ယွင်းနေသူ နိုင်ငံရေးအကျဉ်းသား |
၁၄၁ ဦး |
နာဂစ် ကယ်ဆယ်ရေး လူမှုရေးလုပ်သား နိုင်ငံရေးအကျဉ်းသား |
၂ဝ ဦး |
၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသား |
၁၂ ဦး |
ကျောင်းသား ကျောင်းသူ နိုင်ငံရေးအကျဉ်းသား |
၂၈၅ ဦး |
အမျိုးသမီး နိုင်ငံရေးအကျဉ်းသား |
၁၇၆ ဦး |
ရဟန်းသံဃာ နိုင်ငံရေး အကျဉ်းသားပေါင်း |
၂၅၆ ဦး |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသား |
၄၁၃ ဦး |
တိုင်းရင်းသား လူမျိုးစု နိုင်ငံရေးအကျဉ်းသား |
၂၂၅ ဦး |
ဆရာဝန် နိုင်ငံရေးအကျဉ်းသား |
၁၂ ဦး |
ရှေ့နေ နိုင်ငံရေးအကျဉ်းသား |
၁၂ ဦး |
အလုပ်သမားရေးရာ လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား |
၄၄ ဦး |
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ နိုင်ငံရေးအကျဉ်းသား |
၃၁ ဦး |
အကျဉ်းထောင်တွင် သေဆုံးသွားသူ နိုင်ငံရေးအကျဉ်းသား |
၁၄၄ ဦး |
မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားပေါင်း |
၂၁၉၃ ဦး |
ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြစ်ဒဏ်ပေးရာတွင် သုံးစွဲနေသည့် ဥပဒေ ပုဒ်မများ
၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ |
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှ အကာအကွယ်ပေးရေး အက်ဥပဒေ |
၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး ဥပဒေ |
တီဗီနှင့် ဗီဒီယို ဥပဒေ |
တရားမဝင် အသင်းအပင်း ဖွဲ့စည်းမှု အက်ဥပဒေ (၁၉ဝ၈) |
အီလက်ထရွန်းနစ် အက်ဥပဒေ |
မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ပြင်ဆင်မှု အက်ဥပဒေ |
(အရေးပေါ် စီမံမှု အက်ဥပဒေ) ၁၉၄၇ |
ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ (၁၉၆၂) |