မကွေး သတင်းထောက် အဖမ်းခံရမှု အလဲဗင်း အယ်ဒီတာကန့်ကွက်

မကွေး သတင်းထောက် အဖမ်းခံရမှု အလဲဗင်း အယ်ဒီတာကန့်ကွက်
by -
ခိုင်စု

မကွေးရေကြီးသတင်း ဓာတ်ပုံရိုက်သော Weekly Eleven သတင်းထောက် ကိုအောင်သူငြိမ်းကို ရဲဖမ်းထား၍ အယ်ဒီတာက ဂျာနယ်ဝက်ဆိုက်မှ ကန့်ကွက်....

မကွေးရေကြီးသတင်း ဓာတ်ပုံရိုက်သော Weekly Eleven သတင်းထောက် ကိုအောင်သူငြိမ်းကို ရဲဖမ်းထား၍ အယ်ဒီတာက ဂျာနယ်ဝက်ဆိုက်မှ ကန့်ကွက်ပြောဆိုသည်။

၂၈ နှစ်အရွယ် အစမ်းခန့် သတင်းထောက် ကိုအောင်သူငြိမ်းသည် ရေကြီး၍ သစ်ပင်လဲသည့်နေရာများကို ယခုလ ၁၃-၁၄ ရက်နေ့များက ဓာတ်ပုံလိုက်ရိုက်ရာတွင် ကင်မရာ အသိမ်းခံရသည့်အပြင် ခံဝန်ချက်လက်မှတ် ထိုးခိုင်းသည်ကို မထိုးသဖြင့် မနေ့က မြို့နယ်မှူး ရုံးခန်းတွင် ထိန်းသိမ်းခံရသည်။

’’တိုင်းဒေသကြီး မြို့တော်တခုအနေနဲ့ ဒါမျိုး လုံးဝမဖြစ်သင့်ပါဘူး။ အဲဒီအတွက် ကန့်ကွက်ပါတယ်။ နောက်ရက်မှာ ဆက် ထိန်းသိမ်းထားရင် ဥပဒေကြောင်းအရ တုံ့ပြန် ဆောင်ရွက်သွားမှာပါ’’ ဟု တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောသည်။

ဂျာနယ်တိုက်မှ အကြီးတန်း အယ်ဒီတာ ၂ ဦးကိုလည်း ဤကိစ္စအတွက် မကွေးသို့ ယနေ့ လွှတ်ထားကြောင်းနှင့် အဖမ်း ခံရသော သတင်းထောက်လည်း ယခုထိ လွတ်မလာသေးကြောင်း သူက မဇ္ဈိမကို ယနေ့ ပြောဆိုသည်။

ထို့ပြင်  “ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို အသိပေးထားပါတယ်” ဟုလည်း ဆိုသည်။

၁၃ ရက် ညနေက မိုးကြီးရေလျှံရာ မကွေးသတင်းထောက်သစ်က ဓာတ်ပုံလိုက်ရိုက်စဉ် ရဲနှင့်တွေ့ပြီး ကင်မရာပါပုံများ ဖျက်ခိုင်းသလို ကင်မရာလည်းသိမ်းသွားပြီး နောက်နေ့ မြို့နယ်မှူးရုံးလာဖို့ ပြောသည်ဟု Weekly Eleven က ရေးထား သည်။

၁၄ ရက်နေ့က မြို့နယ်မှူးရုံးသို့ သက်ဆိုင်ရာ ရယက တဦးနှင့် သွားရာ မြို့နယ်မှူးက နောက် မလုပ်တော့ပါဆိုသည့် ခံဝန်ချက်အား ရယက သက်သေနှစ်ဦးဖြင့် လက်မှတ်ထိုးရန် ပြော၍ ရယက သက်သေတဦး လိုသေးသလို ဂျာနယ်တိုက်သို့ အကြောင်းပြန်ရန်လည်းလို၍ ပြန်ထွက်လာခဲ့သည်ဟု ရေးထားသည်။

ယင်းနောက် ခံဝန်လက်မှတ် မထိုးနိုင်ကြောင်း အကြောင်းပြန်ခဲ့သော်လည်း ထိုအချိန် မြို့နယ်မှူး ရုံးတွင် မရှိ၍ ၁၅ ရက်နေ့မှ ထပ်သွားရရာ အချက် ၄ ချက်ပါ ခံဝန်လက်မှတ်မထိုးက ကိုအောင်သူငြိမ်းကို မြို့နယ်မှူးရုံးမှ ပြန်မထွက်ရန် တားထား ကြောင်း သိရသည်။

မြန်မာပြည်တွင် သတင်းထောက်များကို အာဏာပိုင်များက ကင်မရာသိမ်း၍ ပုံဖျက်ပေးရသည့် ဖြစ်ရပ်များစွာရှိကြောင်း ရန်ကုန် အခြေစိုက် နာမည်ကြီးဂျာနယ်တစောင်မှ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

“ထိန်းသိမ်းခံရတဲ့ထိတော့ မရှိပါဘူး။ အဲလောက်နီးပါး ဖြစ်တာမျိုးပဲ ရှိတယ်။ ကင်မရာကတ် သိမ်းတာမျိုးကတော့ ခဏ ခဏပဲ” ဟု သူက ပြောသည်။

ကိုအောင်သူငြိမ်း ထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ သူက “ပြည်တွင်းမှာ တရားဝင် ထုတ်နေတဲ့ ဂျာနယ်က သတင်း ထောက်လေ။ ပြည်တွင်းဂျာနယ်ဆိုတာ ခွင့်ပြုသလောက် ရေးရတာ။ ဒီလိုကိစ္စမျိုးက ရုပ်ဆိုးပါတယ်။ အထူးသဖြင့် အခုလို အချိန်မျိုးမှာပေါ့” ဟု ပြောသည်။

ထိန်းသိမ်းမှု အခြေအနေ သိရှိရန် မကွေး အမှတ် ၁ နှင့် အမှတ် ၂ ရဲစခန်းများသို့ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

 

 

Most read this week