၂ဝ၁ဝ ရွေးကောက်ပွဲ အဖြစ်မှန်နှင့် မြန်မာ ဒုက္ခသည်အရေး အိန္ဒိယပြည်သူများ ပိုမိုသိရှိရန် နယူးဒေလီမြို့၌ ယခုလ ၂၇ ရက်တွင် ကျင်းပမည့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Miloslav Stasek က ဖွင့်လှစ်.....
၂ဝ၁ဝ ရွေးကောက်ပွဲ အဖြစ်မှန်နှင့် မြန်မာ ဒုက္ခသည်အရေး အိန္ဒိယပြည်သူများ ပိုမိုသိရှိရန် နယူးဒေလီမြို့၌ ယခုလ ၂၇ ရက်တွင် ကျင်းပမည့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Miloslav Stasek က ဖွင့်လှစ်မည် ဖြစ်သည်။
ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထောက်အပံ့ဖြင့် ရပ်တည်သည့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန (Burma Centre Prague) နှင့် ဒေလီမြို့ မြန်မာ့ရေးရာဌာန (Burma Centre Delhi) က ဦးဆောင်၍ နယူးဒေလီမြို့ ရှိ Press Club of India ၌ ကျင်းပမည်။
“ရွေးကောက်ပွဲ၊ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ဒုက္ခသည်ဖြစ်ရတဲ့ အကြောင်းတွေကို ဆွေးနွေးကြမယ်။ ပြီးရင် သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို အိန္ဒိယပြည်သားတွေ မသိကြဘူး။ မြန်မာဒီမိုကရေစီ လှုပ်ရှား သူတွေရဲ့ အသံ၊ ခံစားချက်တွေကို သိအောင် ရည်ရွယ်တယ်။ ရွေးကောက်ပွဲကျရင် အိန္ဒိယသတင်းဌာနတွေက အဖြစ်မှန်ကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်မယ် မျှော်လင့်တယ်” ဟု BCD မှ စီမံကိန်း ညွှန်ကြားရေးမှူး Alana Golmei က မဇ္ဈိမကို ပြောသည်။
“ချက်သံအမတ်ကြီးကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးတယ်ဆိုတော့ ကျေနပ်အားရပါတယ်။ ဒီပွဲကို ချက်သံရုံးက ဧည့်သည်အနေနဲ့ပဲ တက်ရောက်မယ်။ ချက်အစိုးရ အထောက်အပံ့၊ ကျနော်တို့ ကြီးကြပ်ကွပ်ကဲမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအဖြစ် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမယ်” ဟု BCP စတင်တည်ထောင်သူ တဦးဖြစ်သည့် စီမံချက်ရေးရာ ခေါင်းဆောင် Christoph Amthor က မဇ္ဈိမကို ပြောသည်။
မြန်မာစစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု မရှိနိုင်သဖြင့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန အနေဖြင့် လုံးဝလက်မခံကြောင်း Christoph Amthor က ဆိုသည်။
ဆွေးနွေးပွဲသို့ Christoph Amthor အပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေ၊ BJP ပါတီ နိုင်ငံခြားရေးရာဌာန တာဝန်ခံ Vijay Jolly ၊ မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်၊ Indian Express သတင်းစာမှ ဝါရင့်အယ်ဒီတာဟောင်း Jyoti Malhotra အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးရေ ၃ဝ ကျော် တက်ရောက်မည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောဆိုသည့်အတိုင်း ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို ပြောဆိုသွားမည်။
“ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့၊ ၂ဝဝ၈ ကတည်းက ဒီမိုကရေစီ နည်းလမ်းမကျတာ ပြောမယ်။ ၂ဝဝ၈ ကို မသိဘဲနဲ့ လူထု မဲပေးရတာ အဓိပ္ပာယ် မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ တင်တဲ့ လိုင်းအတိုင်း ကျနော် ပြောမယ်” ဟု သူက ပြောသည်။
ချက်သမ္မတနိုင်ငံ အစိုးရသည် ယခုအလုပ်ရုံဆွေးနွေးပွဲ အပါအဝင် BCD ၊ BCP နှင့် ပူးတွဲကာ ပြုလုပ်ခဲ့သည့် လှုပ်ရှား မှုများနှင့် စီမံကိန်းများအတွက် လိုအပ်သည့် ငွေကြေးနှင့် အခြားအကူအညီများ ထောက်ပံ့ခဲ့သည့်အတွက် ကျေနပ် အားရကြောင်းနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများ အစဉ်တစိုက် ထောက်ခံအားပေးခဲ့သည်မှာလည်း တန်ဖိုးရှိကြောင်း ဦးဆောင်ဆွေးနွေးမည့်သူများက ယုံကြည်ထားကြသည်။
“ချက်ပြည်သူတွေက မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးကူညီလိုစိတ် အမြဲရှိတယ်။ BCP လုပ်နေတဲ့ “အပြောင်းအလဲ အတွက် ကူညီရေး” စီမံကိန်း အစိတ်အပိုင်းတခုဖြစ်တဲ့ ဒီပွဲအတွက် ချက်နိုင်ငံက ငွေကြေးထောက်ပံ့တယ်။ အကြွင်းမဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့တဲ့ ချက်နိုင်ငံရဲ့ အတွေ့အကြုံတွေနဲ့ တခြားနိုင်ငံ တွေကို ကူညီပေးဖို့ပါ” ဟု Christoph Amthor က ပြောဆိုသည်။
ချက်အစိုးရသည် ဥရောပသမဂ္ဂတွင် မြန်မာ့အရေးကို ပိုမိုအာရုံစိုက်လာရန် လှုံဆော်တိုက်တွန်းပေးနေသည့် နိုင်ငံဖြစ်ပြီး ယခုဆွေးနွေးပွဲ ရလဒ်များသည်လည်း ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ မူဝါဒများကို သွယ်ဝိုက်အကျိုးသက်ရောက်စေမည်ဟု ဆွေးနွေးပွဲ ကျင်းပသူများက မျှော်လင့်ထားသည်။
“ချက်နိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ထောက်ခံအားပေးတယ်။ ဥပမာ ဒေါ်အောင်ဆန်း စုကြည်က ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချက်ကိုစလိုဗက် သမ္မတဟောင်း ဗားကလက်ဟာဗယ်ရဲ့ အဆိုပြု တင်သွင်းမှုကနေ ရရှိခဲ့တာ။ ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးရေးအတွက် အစောဆုံး ထောက်ခံတဲ့ နိုင်ငံထဲမှာ ချက်နိုင်ငံ ပါဝင်တယ်။ ” ဟု Christoph Amthor က ပြောဆိုလိုက်သည်။