ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၅ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်သည် နိုဝင်ဘာတွင် ကျင်းပမည့် မြန်မာရွေးကောက်ပွဲအား တရုတ်ထောက်ခံမှု ရစေရန်နှင့် နှစ်နိုင်ငံကြား စီးပွားရေး ...
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၅ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်သည် နိုဝင်ဘာတွင် ကျင်းပမည့် မြန်မာရွေးကောက်ပွဲအား တရုတ်ထောက်ခံမှု ရစေရန်နှင့် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းမှု မြှင့်တင်ရန် ရည်ရွယ်သည်ဟု အိန္ဒိယ နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများက ဆိုသည်။ မြန်မာစစ်အစိုးရ၏ ယခုတလော အိမ်နီးချင်း နိုင်ငံခရီးစဉ်များသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ခေတ်သစ် ပေါ်ပေါက်လာရေးအား အထောက်အကူ ဖြစ်မဖြစ် အိန္ဒိယက စောင့်ကြည့်လျက် ရှိသည်ဟုလည်း ဆိုသည်။
ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် တရုတ် ထောက်ခံမှုရရန် မြန်မာစစ်အစိုးရ အထူးလိုလားနေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အကျိုးတူ လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန်လည်း သဘောတူခဲ့ကြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တရုတ် ဒုသမ္မတ ရှီကျင့်ဖင် (Xi Jinping)၏ မြန်မာခရီးစဉ်နှင့် ယခုနှစ်ဇွန်လ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် ခရီးစဉ်အတွင်းကလည်း တရုတ်-မြန်မာ အကျိုးတူ စာချုပ် စုစုပေါင်း ၃၁ ခုကို ချုပ်ဆိုခဲ့သည်။
မြန်မာစစ်အစိုးရ ခေါင်းဆောင်၏ တရုတ် ခရီးစဉ်သည် မကြာခင်က ထိပ်တန်း မြန်မာစစ်ခေါင်းဆောင်အချို့ စစ်ဘက် ရာထူးများမှ ရုတ်တရက် အနားယူကြပြီး နောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။ စစ်ဘက်မှ အနားယူခဲ့ကြသူများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ပါဝင်သည်ဟု သတင်းထွက်ခဲ့သည်။
ယခု တရုတ်ခရီးစဉ် မတိုင်မီ ဇူလိုင်လအတွင်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်အစိုးရအဖွဲ့ ဝန်ကြီးများ ဇနီးများနှင့် အိန္ဒိယသို့ သွားရောက်ခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။
အိန္ဒိယသည် မြန်မာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်နေပြီး တရုတ်ကဲ့သို့ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေရေးကိုလည်း လိုလားသည်။ ထို့ပြင် မြန်မာက အိန္ဒိယအား တရုတ်နှင့် တန်းတူမထားပဲ ခွဲခြားဆက်ဆံမည်ကို အိန္ဒိယအစိုးရက စိုးရိမ်နေသည်ဟု သတင်းစာဆရာနှင့် နယူးဒေလီ မူဝါဒရေးရာ သုတေသနစင်တာ ဧည့်ပါမောက္ခ B. G. Verghese က ဆိုသည်။
ယခုလ အစောပိုင်းက မြန်မာဆိပ်ကမ်းတခုတွင် ဆိုက်ကပ်ထားသည့် တရုတ် စစ်သင်္ဘောနှစ်စင်း ကိစ္စလည်း အိန္ဒိယက မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာနေသည်ဟု အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ထောက်ပံ့ထားသည့် နယူးဒေလီ အခြေစိုက် ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖွဲ့မှ ထိပ်တန်း သုတေသန ပညာရှင် ဒေါက်တာ Udai Bhanu Singh က ပြောကြားသည်။ တရုတ်စစ်သင်္ဘော နှစ်စင်းဖြစ်သော ဂွမ်ဇိုးနှင့် ချောင် ဟူသည့် သင်္ဘောနှစ်စင်းသည် မကြာမီက ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ရာ မြန်မာဘက်မှ အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ထိုစစ်သင်္ဘောများ ဆိုက်ကပ်ထားစဉ်အတွင်း မြန်မာဘက်မှ အရာရှိများ မကြာခဏ သွားရောက် ကြည့်ရှုခဲ့ကြသည်။
ထိုသင်္ဘောများသည် ဧဒင် ပင်လယ်ကွေ့တွင် ကင်းလှည့်တာဝန်အပြီး ပြန်လာသည့် ပင်လယ်ဓားပြ နှိမ်နင်းရေးတပ်ဖွဲ့မှ တရုတ်စစ်သင်္ဘောများ ဖြစ်ကြပြီး သီလဝါ ဆိပ်ကမ်း၌ ငါးရက်ကြာ လာရောကိဆိုက်ကပ်မှုသည် တရုတ်၏ ကြီးထွားလာသော ရေတပ်သြဇာနှင့် မြန်မာစစ်အစိုးရနှင့် အလွန်နီးစပ်သော ဆက်ဆံရေး ရှိကြောင်း ပြသလိုက်ခြင်းဟု ဘီဘီစီ သတင်းဌာနက စက်တင်ဘာလ ၃ရက်တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရအား စစ်လက်နက်များ အဓိက ထောက်ပံ့လျက်ရှိနေပြီး အိန္ဒိယသည် တရုတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာစစ်အစိုးရအား နီးနီးကပ်ကပ် စစ်ရေးဆက်ဆံမှု မရှိသော်လည်း အိန္ဒိယ-မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များစွာရှိခဲ့သည်ဟု ဒေါက်တာ Udai Bhanu Singh က ဆိုသည်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြေလည်ချောမွေ့နေမှုကို ဆက်လက်ထိန်းသိမ်းဖို့ အထူး ကြိုးစားနေပါတယ်။ အဲဒီအချက်ကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံရဲ့ နွေးထွေးစွာ ကြိုဆိုမှုက ပြနေပါတယ်” ဟု သူက ဆိုသည်။
တရုတ်နိုင်ငံသည် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒေါ်လာ ၅ ဘီလျံဖိုးရှိ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဒေါ်လာ ၂ ဘီလျံခန့် တန်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေနဲ့ အခြေခံ အဆောက်အအုံတွေမှာ အမေရိကန် ဒေါ်လာ ၈.၇ ဘီလျံကျော် မြှုပ်နှံထားတဲ့ အတွက် မြန်မာနိုင်ငံကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်မှာပါ” ဟု ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ လေ့လာမှုအဖွဲ့မှ သုတေသနပညာရှင် Medha Chaturvedi က ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် မြန်မာစစ်အစိုးရအား ထောက်ခံကာ ရင်းရင်းနှီးနှီး ဆက်ဆံနေသည့်အတွက် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံသည် ထိုင်းနှင့် စင်္ကာပူ ပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်သည်။ အိန္ဒိယက တရုတ် နောက်မှကပ်လျက် လိုက်နေသည်။