ကြံ့ဖွံ့က လွှတ်တော်တွင် အမတ်ဦးရေ အများဆုံး ရနိုင်

ကြံ့ဖွံ့က လွှတ်တော်တွင် အမတ်ဦးရေ အများဆုံး ရနိုင်
by -
ကိုဝိုင်း

ရွေးကောက်ပွဲဝင်မည့် အမတ်ဦးရေစာရင်း တင်သွင်းရမည့် နောက်ဆုံးရက်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ကို သတ်မှတ်ခဲ့ရာ ကြံ့ဖွံ့ပါတီကသာ အများဆုံးဖြစ်နိုင်ပြီး လွှတ်တော်ထဲတွင် ကြံ့ဖွံ့ကသာ အသာစီး ရမည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက သုံးသပ်....

ရွေးကောက်ပွဲဝင်မည့် အမတ်ဦးရေစာရင်း တင်သွင်းရမည့် နောက်ဆုံးရက်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ကို သတ်မှတ်ခဲ့ရာ ကြံ့ဖွံ့ပါတီကသာ အများဆုံးဖြစ်နိုင်ပြီး လွှတ်တော်ထဲတွင် ကြံ့ဖွံ့ကသာ အသာစီး ရမည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက သုံးသပ်နေကြသည်။

အတိအကျကိုမူ ယနေ့အထိ မသိရသေးသော်လည်း တစည ပါတီက အမတ်နေရာ ၈၀၀ နှင့် ၉၀၀ အကြား၊ ကြံ့ဖွံ့ပါတီက “မဲဆန္ဒနယ်အားလုံး” ဝင်ပြိုင်မည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုနေကြသည်။

အမတ်လောင်းစာရင်းသွင်းရက် တိုခြင်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးကို မြှင့်ထားခြင်းတို့ကြောင့် ပါတီအများစုက မှန်းသလောက် မတင်နိုင်သည့် အခြေအနေနှင့် စစ်အစိုးရ၏ ထောက်ခံမှု ရရှိထားပြီး ငွေကြေးပြည့်စုံသော ကြံ့ဖွံ့ပါတီအခြေအနေကို ယှဉ်ထိုး၍ အမတ်ဦးရေနည်းသည့် ပါတီတချို့က သုံးသပ်ကြခြင်းဖြစ်သည်။

လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုအတွက်မူ ရွေးကောက်ပွဲပြီးသည့်အထိ စောင့်ကြည့်ရမည်ဟု သုံးသပ်မှုရှိသကဲ့သို့ လွှတ်တော်အတွင်း၌ အမြဲတမ်း အတိုက်အခံဖြစ်နေမည် မဟုတ်ဟုလည်း သုံးသပ်မှုများ ရှိသည်။

လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရန်ကိစ္စများ ဖြစ်လာပါက ကြံ့ဖွံ့ပါတီကသာ အနိုင်ရသွားမည်ဟု ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ က သုံးသပ်သည်။

“Debate (ဆွေးနွေးမှုငြင်းခုံ) အများကြီး လုပ်ရမှာပေါ့။ ကိုယ်စားလှယ်အများစု ရတဲ့လူကတော့ လွှတ်တော်မှာ ဥပဒေပြုတဲ့အခါမှာ အသာစီးရမှာပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် အများဆုံးဝင်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် စုစုပေါင်း ၅၀ ဦးဝင်ပြိုင်မည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ခုတွင် အဓိကထား ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကမူ လွှတ်တော်အတွင်း ကြံ့ဖွံ့ပါတီသာ အများစု ဖြစ်မည်ဟု သုံးသပ်သော်လည်း အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်မည်ဟု မယူဆပေ။

“များတဲ့လူက နိုင်ရင်လည်း နိုင်မှာပေါ့။ သူတို့ ကိုယ်စားပြုတဲ့ဒေသက လူတွေရဲ့ ဆန္ဒဆိုတာ ရှိသေးတာကိုး။ တချို့ဟာတွေကျတော့လည်း အဆိုတခုဟာ လုံးဝတရားမျှတနေတယ် ဆန့်ကျင်ကန့်ကွက်ရင် သိပ်ကို ရုပ်ဆိုးစရာရှိလည်း စဉ်းစားမှာပေါ့” ဟု သူက ပြောသည်။

NDF ပါတီက အမျိုးသားလွှတ်တော် ၃၄ ဦး၊ ပြည်သူ့လွှတ်တော် ၁၁၂ ဦးနှင့် တိုင်းဒေသကြီး ၁၆ ဦး စုစုပေါင်း ၁၆၂ ဦး ဝင်ပြိုင်မည်ဟု သိရသည်။ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းမှာမူ ကျန်းမာရေးကြောင့် ဝင်မပြိုင်ပေ။

ရှမ်းနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် လွှတ်တော် ၃ ရပ်အတွက် ၁၅၇ ဦး ဝင်ပြိုင်မည့် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကမူ လွှတ်တော်အတွင်း မည်သူ အများစုဖြစ်မည်ကို ရွေးကောက်ပွဲပြီးမှသာ ပြောနိုင်မည်ဟု ဆိုသည်။

“သဘောကတော့ ပြီးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲက တစညလည်း နေရာတိုင်း ဝင်ပြိုင်တာပဲ။ ဒါပေမဲ့ သူက ၁၀ နေရာပဲ နိုင်ခဲ့တာပဲလေ။ နေရာတိုင်း ဝင်ပြိုင်တယ်ဆိုပေမယ့် နိုင်ချင်မှ နိုင်မှာကိုးဗျ။ ပြည်သူရဲ့ သဘောဆန္ဒ ပေါ်မှာ မူတည်တာပေါ့နော်” ဟု သူက ပြောသည်။ သူသည် ရှမ်းပြည် မြောက်ပိုင်း သိန္ဒီမြို့နယ်မှ ပြည်နယ် လွှတ်တော် အတွက် ဝင်ပြိုင်မည်ဖြစ်သည်။

ကြံ့ဖွံ့နှင့် တစညမှလွဲ၍ ကျန်ပါတီများသည် ပြည်နယ်များတွင် အနည်းစုသာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်မှာ ဒေသခံတိုင်းရင်းသားများသည် တိုင်းရင်းသားပါတီအချင်းချင်းသာ မဲပေးနိုင်မည်ကို တွက်ဆမိသောကြောင့် ဖြစ်နိုင်သည်ဟု ဦးစိုင်းအိုက်ပေါင်းက သုံးသပ်သည်။

လွှတ်တော်အတွင်း၌ ကြံ့ဖွံ့ကသာ အများစုဖြစ်သွားမည်ကို သဘောတူသည့် အခြားညီနောင် ပါတီနှစ်ခုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်း သားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ ဖြစ်သည်။ ယင်းပါတီနှစ်ခုက ၅၀ ဦးနှင့် ၃၈ ဦး အသီးသီးဝင်ပြိုင်မည်ဖြစ်သည်။

ယင်းသို့ အများစုဖြစ်စေရန် မှတ်ပုံတင်ငွေကို မြှင့်ထားပြီး၊ အမတ်လောင်းစာရင်း တင်ရမည့်အချိန်ကို လျှော့ထား ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ သူသည် ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင်မှ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်းမြို့နယ် ၃ ခုပေါင်းထားသည့် ပဲခူးတိုင်း ဒေသကြီး အမျိုးသားလွှတ် တော် မဲဆန္ဒနယ် အမှတ် ၉ မှ ဝင်ပြိုင်မည်။

“ကျနော်တို့က သူတို့လို့ နိုင်ငံတော်အာဏာ ချုပ်ကိုင်ထားပြီးတော့မှ အမိန့်အာဏာနဲ့ လျှောက်လုပ်လို့ မရဘူးလေ။ ရွေးကောက်ပွဲမတိုင်မီ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းတာ အပါအဝင် လူတော်တော် များများကို ပယ်ချလိုက်တာပေါ့ဗျာ။ ပြိုင်ဘက်မရှိရင်တော့ ကိုယ့်ဟာကိုယ်လုပ်ပြီး ကိုယ်ပဲနိုင်တာပေါ့ဗျာ” ဟု သူက ပြောသည်။

ယခုတင်သည့် အမတ်လောင်းစာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က လာမည့်လ ၆ ရက်နေ့မှ ၁၀ ရက်အထိ စိစစ်ဦးမည်ဖြစ်သဖြင့် ယခုထက် အမတ်ဦးရေမှာ လျော့သွားနိုင်ဖွယ်သာရှိပြီး တိုးရန်မူ အကြောင်း မရှိပါ။

ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်အတွက် ၃၃၀၊ အမျိုးသားလွှတ်တော် ၁၆၈ နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၆၆၀ စုစုပေါင်း အမတ်နေရာ ၁၁၅၈ ဦးအတွက် ဝင်အရွေး ခံရမည်ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်စပ်နေသည်ဟု စွပ်စွဲ၍ ရွေးကောက်ပွဲကော်မရှင်က ပါတီထောင်ခွင့်ပင် မပြုခဲ့သည့် KIO ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာဦးဆောင်သည့် ကချင်ပြည် နယ်တိုးတက်ရေးပါတီ KSPP ကမူ ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ပဲ တသီးပုဂ္ဂလများ အနေဖြင့်သာ ဝင်တော့မည်ဖြစ်သည်။